အစိုးရတပ်မတော် ထိုးစစ် အရှိန်မြှင့်မှု TNLA ကန့်ကွက်
2016.03.01

ရှမ်းပြည်မြောက်ပိုင်းဖက်မှာ ဒီရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်က အင်အားတွေ တိုးချဲ့လာပြီး ထိုးစစ်အရှိန်မြှင့်တင်လာတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဟန့်တားရာ ရောက်တဲ့အတွက် ကန့်ကွက်ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင် စတဲ့ဒေသထဲကို အစိုးရတပ်မတော်က စစ်ကား အစီး ၅၀၀ လောက်နဲ့ အင်အား ၃ ထောင်လောက် တိုးချဲ့ချထားနေတယ်လို့ TNLA က ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
"ဒီတစ်ပတ်တွင်း အစိုးရဘက်က အင်အားတွေ၊ တပ်မတွေတိုးချဲ့လာတယ်၊ စစ်ကား အစီး ၅၀၀ ဝန်းကျင်လောက်ရှိမယ်၊ လူအင်အားကတော့ ၃ ထောင်နဲ့ ၄ ထောင်ကြားမှာ ရှိမယ်၊ အင်အားတွေ တိုးချဲ့ပြီးမှ စစ်ပွဲတွေကို ဖန်တီးမယ်၊ ငြိမ်းချမ်းရေးဖော်ဆောင် နေတာကို ရှေ့လျှောက် အာဏာအလွှဲအပြောင်းကာလမှာ တိုက်ပွဲတွေဖန်တီးမယ်၊ တိုင်းပြည်မငြိမ်မသက်အောင် ဖန်တီးနေတယ်လို့ တွေးတာပဲ"
ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရတပ်မတော်က အရင် တပ်မ ၁၁၊ ၃၃၊ ၆၆၊ ၇၇၊ ၈၈၊ ၉၉ တို့ တပ်စွဲထားပြီး ဒီရက်ပိုင်းအတွင်း တပ်မ ၅၅၊ စကခ ၂၊ ၇၊ ၁၀ စတဲ့ တပ်တွေ ထပ်မံတိုးချဲ့လာတယ်လို့ ပြောပါတယ်။
TNLA အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး NCA စာချုပ် လက်မှတ်ထိုးထားခြင်း မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက အစိုးရနဲ့ NCA စာချုပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ TNLA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ဒုက္ခသည် ၃၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။