စစ်ကောင်စီကို တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲတော်လှန်သွားမှာဖြစ်ကြောင်း TNLA ပြော

RFA Burmese
2025.01.11
စစ်ကောင်စီကို တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲတော်လှန်သွားမှာဖြစ်ကြောင်း TNLA ပြော ရှေ့တန်းစစ်မြေပြင်တစ်နေရာမှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် တွေ့ရစဉ်။
Telegram/PSLF/TNLA News

တအာင်းဒေသ တော်လှန်ရေးအောင်မြင်မှုကို ရေရှည်ထိန်းသိမ်းနိုင်ဖို့အတွက် မြန်မာတစ်နိုင်ငံလုံးက တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပူးပေါင်းပြီး စစ်ကောင်စီကို ဆက်လက် ချေမှုန်းတော်လှန်သွားမယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မဲ့ ၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့အတွက် TNLA က သဘောထားရပ်တည်ချက်ဆိုပြီး ဇန်နဝါရီ ၁၁ ရက်နေ့ညမှာ ထုတ်ပြန်ခဲ့တာပါ။

တအာင်းဒေသအများစုမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ စစ်အုပ်ချုပ်ရေး ယန္တရားအားလုံး ရှင်းလင်းနိုင်ခဲ့တာဟာ တအာင်းဒေသပြည်သူတွေရဲ့ တော်လှန်ရေးအောင်ပွဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဈေး၊ နေအိမ် စတဲ့ အရပ်သားနေထိုင်တဲ့ နေရာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးသတ်ဖြတ်တာတွေ စတဲ့ စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) ရေးဆွဲထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တော်လှန်ရေးအင်အားစု၊ နိုင်ငံရေးပါတီနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို အခြေခံထားတဲ့ တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး ပြည်သူ့အစိုးရတစ်ရပ် အမြန်ဆုံးပေါ်ပေါက်လာဖို့ ဆောင်ရွက်နေတယ်လို့ TNLA က ဆိုပါတယ်။

TNLA ထိန်းချုပ်ထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်ဖို့ ကြိုးပမ်းနေသလို မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးသူတွေနဲ့ သုံးစွဲသူတွေကိုလည်း ဖမ်းဆီးပြီး အကျင့်စာရိတ္တပြုပြင်ပေးနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာတော့ မူးယစ်ဆေးဝါးသုံးစွဲသူ ၁၃၁ ဦးကို ခြောက်လကြာ အကျင့်စာရိတ္တပြုပြင်ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က ဇန်နဝါရီ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လွတ်မြောက်လာသူတွေက နောက်ထပ်ဆေးသုံးစွဲမယ်ဆိုရင် ပြန်အဖမ်းခံရမှာဖြစ်ပြီး သုံးနှစ်အထိ ဆေးဖြတ်စခန်းကို ပို့ဆောင်ခံရမယ်လို့ TNLA က သတိပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀ ၂၇ စစ်ဆင်ရေးမှာ သိမ်းယူခဲ့တဲ့ မြို့ ၁၂ မြို့အပါအဝင် TNLA အခြေစိုက်တဲ့ နယ်မြေတွေမှာ တာဝန်ခံမှုရှိရှိနဲ့ ဦးဆောင်စီမံအုပ်ချုပ်သွားမှာဖြစ်ကြောင်းလည်း ဇန်နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။