တွံတေးတူးမြောင်းပြို အိမ် ၆ လုံးရေထဲပါ


2016.04.05
land-slide-620.jpg မြစ်ကမ်းပါး ပြိုကျနေတဲ့နေရာတစ်ခုကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် အိုးဘိုအနောက်ရပ်ကွက်မှာ တွံတေးတူးမြောင်း ကမ်းပါးပြိုကျ တာကြောင့် နေအိမ် ၆ လုံး ရေနဲ့မျောပါသွားပြီး ကမ်းပါးနဲ့ ၁၂ ပေအကွာ နေရာတွေကို အန္တရာယ်ရှိတဲ့နေရာတွေ အဖြစ် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ကြေညာ ထားပါတယ်။

ဆက်ပြီး ကမ်းပါးပြိုနိုင်တဲ့အတွက် ကယ်ဆယ်ရေးလုပ်ကိုင်နိုင်အောင် ပရဟိတ အဖွဲ့တွေက စောင့်ကြည့်နေရတယ် လို့ တွံတေးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောပါတယ်။

"ရေတိုက်စားပြီးတော့ ကမ်းပါးတွေပြိုကျပြီးတော့ မြစ်ကမ်းဘေးကနေ ပေ ၂၀ လောက်ပြိုသွားတော့ သစ်ပင်တွေလည်းပါကုန်တယ်၊ အိမ်တွေလည်းပါကုန်တယ်၊ ပက်ကြားအက်နေတဲ့ အက်ကွဲကြောင်းတွေ ရှိတယ်၊ အဲ့ဒါတွေကလည်းပြိုတဲ့ ထဲပါသွားနိုင်တယ်ပေါ့၊ ပြိုမှာစိုးလို့ ကျနော်တို့ ပရဟိတအဖွဲ့တွေ ကနေ စောင့်နေပေး တာ၊ ကျနော်တို့ အချိန်မှီကယ်ဆယ်လို့ ရအောင်ပေါ့၊ မအိပ်ပဲနဲ့ စောင့်နေတာ၊ ကမ်းပါး ဘက်ကို မီးထွန်းပြီးတော့ ထိုင်စောင့်နေရတာ"

တွံတေးတူးမြောင်းကမ်းပါး ပြိုကျနေတဲ့ အခြေအနေနဲ့ ကမ်းပါးထိန်းသိမ်းတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပေး ဖို့၊ နေအိမ်ပြိုကျပျက်စီးသွားတဲ့ မိသားစုတွေအတွက် အကူအညီပေးဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တိုင်းလွှတ်တော် ဥက္ကဌတို့ထံ ဒီနေ့ စာတင်လိုက်ပါတယ်။

ရေနဲ့မျောပါသွားတဲ့ နေအိမ် ၆ လုံးက မိသားစုဝင်တွေဟာ နီးစပ်ရာဆွေမျိုးတွေအိမ်မှာ ယာယီခိုလှုံနေကြပြီး ကမ်းပါးဆက်လက်ပြိုလာရင် စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီး ကျောင်းတွေမှာ ယာယီစခန်းတွေ ဖွင့်ထားဖို့လည်း စီစဉ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။