တောင်ကုတ်နဲ့ ရသေ့တောင်မှာ မြေမြှုပ်မိုင်းကြောင့် သုံးဦးဒဏ်ရာရ
2024.06.26

ရခိုင်ပြည်နယ်၊ တောင်ကုတ်နဲ့ ရသေ့တောင်မြို့နယ်မှာ ဇွန် ၂၃ ရက်နဲ့ ၂၅ ရက်က မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားသုံးဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
တောင်ကုတ်မြို့ ဒုံရွာမှာ တောထဲ ဟင်းသီး၊ ဟင်းရွက်သွားရှာတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးဟာ ဇွန် ၂၅ ရက်မှာ မြေမြှုပ်မိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခု စစ်ကောင်စီတပ်က မြို့ပတ်ပတ်လည်မှာ မိုင်းထောင်ထားတယ်။ အဓိကတော့ AA ဝင်တိုက်မှာကို စိုးရိမ်လို့ထင်ပါတယ်။ မနေ့ကလည်း ဒုံရွာက နှစ်ယောက်မိုင်းနင်းမိလို့ ဒဏ်ရာရသွားတယ်။ ခြေထောက် တစ်ယောက်တစ်ဖက်ပြတ်သွားတယ်။ သူတို့က တောထဲကို ဟင်းသီး၊ ဟင်းရွက်ရှာသွားရင်း မိုင်းနင်းမိတာပါ”
လက်ရှိမှာတော့ အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ သူက ပြောပါတယ်။ ဒုံကျေးရွာဟာ တောင်ကုတ်တက္ကသိုလ်အနီးမှာရှိပြီး စစ်ကောင်စီတပ်က တောင်ကုတ်တက္ကသိုလ်မှာ တပ်စွဲထားတာပါ။
ရသေ့တောင်မြို့နယ်၊ မညှင်းတောင်ရွာမှာလည်း ဇွန် ၂၃ ရက်က နေအိမ်ခြံဝန်းထဲ သစ်ပင်စိုက်ဖို့ မြေတူးချိန်မှာ မိုင်းပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မြေမြှုပ်မိုင်းတွေကို စစ်ကောင်စီတပ်က ထောင်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာတွေမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ အများအပြားရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ သတိထားသွားလာကြဖို့ မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။