ဗြိတိသျှကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း မြန်မာနိုင်ငံမှာ ဖွင့်လှစ်
ဗြိတိသျှကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း မြန်မာ (British Chamber of Commerce Myanmar) ကို မြန်မာနိုင်ငံမှာ မနေ့က ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်လိုက်ကြောင်း ဗြိတိသျှ ကုန်သည်ကြီးများအသင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။
-
2014-07-17 -
-
-
ဗြိတိသျှကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း မြန်မာ British Chamber of Commerce Myanmar ကို မြန်မာနိုင်ငံမှာ မနေ့က ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်လိုက်ကြောင်း ဗြိတိသျှ ကုန်သည်ကြီးများ အသင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။
အဲ့ဒီအသင်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA ရဲ့ စည်းမျဉ်း စည်းကမ်းတွေ နဲ့အညီ မှတ်ပုံတင်ပြီးဖြစ်တဲ့အတွက် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်တာပါ။
အသင်းအနေနဲ့ မြန်မာနိုင်ငံတွင်းက ဗြိတိသျှ လုပ်ငန်း ကုမ္ပဏီတွေအတွက် ဈေးကွက်ရှာဖွေရေး၊ ကုန်သွယ်ရေး ဆိုင်ရာ သတင်းအချက်အလက် စတာတွေကို ပံ့ပိုး ကူညီသွားမယ်လို့ သိရပါတယ်။ ဒါ့ပြင် ဗြိတိန် -မြန်မာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဆောင်ရွက် သွားရေးနဲ့ မြန်မာကုန်သည် စက်မှုအသင်းချုပ် က ရေးဆွဲနေတဲ့ Chamber of Commerce ဥပဒေကြမ်းအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးသွားမယ့်အပြင် ၊ မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ်က ကြီးမှူးကျင်းပမဲ့ Myanmar Business Forum မှာလည်း ဗြိတိသျှကုန်သည် များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ပါဝင်ဆောင်ရွက်မယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ဗြိတိန် ကုမ္ပဏီ စုစုပေါင်း ၄၀ နီးပါး ရှိပါတယ် ။ မြန်မာနိုင်ငံကို ဗြိတိန်က တင်ပို့တဲ့ ပို့ကုန်တန်ဖိုးဟာ ၂၀၁၂ ခုနှစ်က ပေါင်စတာလင် ၁၂.၈ သန်းဖိုး ရှိခဲ့ရာက၊ ၂၀၁၃ ခုနှစ်မှာ ပေါင်စတာလင် ၄၄ သန်းဖိုးရှိခဲ့တာကြောင့် တစ်နှစ်အတွင်း ၂၄၄ ရာနှုန်း မြင့်တက် သွားခဲ့တာ ဖြစ်တယ်လို့ ဗြိတိသျှ ကုန်သည်ကြီးများအသင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။