မြန်မာကောင်စစ်ဝန်ရုံး ချင်းမိုင်မြို့မှာ ဖွင့်လှစ်မည်


2015.07.06

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အကျိုးကာကွယ်ပေးနိုင်ဖို့အပါအဝင် မြန်မာနိုင်ငံကို သွားရောက်လို သူတွေ ဗီဇာလျှောက်ရာမှာ ပိုမို အဆင်ပြေနိုင်ဖို့ရည်ရွယ်ပြီး အခု ဇူလိုင်လကုန်ကစလို့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ချင်းမိုင်မြို့မှာ မြန်မာကောင်စစ်ဝန်ရုံး အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတာနဲ့ ပတ်သက်ပြီး ကောင်စစ်ဝန်ချူပ်ရုံးက အရာရှိတစ်ဦးက အခုလို ပြောပါတယ်။

"ဖွင့်ပွဲလုပ်မယ်၊ ၂၈ သို့မဟုတ် ၂၉  မှာလုပ်မယ်၊ သို့သော် အချိန်တို့ နေရာတို့ကို ကျနော်တို့ အသေးစိတ်လေး တိုင်ပင်နေတုန်း ရှိသေးလို့ပါခင်ဗျ အဓိကတော့ ကျနော်တို့ ဒီနှစ်နိုင်ငံ ဆက်ဆံရေး မှာ မြန်မာချင်းမိုင်မှာ က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း အများကြီးရှိတာပေါ့လေ ပြီးတော့ နယ်နမိတ်ချင်းလည်း ကပ်နေ တဲ့ နေရာဖြစ်တယ်ဆိုတော့ ကျနော်တို့ ဒီအဓိကတော့ မြန်မာနိုင်ငံသား အကျိုးတွေ ကာကွယ်ပေးဖို့ ဒီကနေပြီးတော့ ချင်းမိုင်မှာရှိတဲ့ ဒီ ထိုင်းနိုင်ငံ သားတွေ မြန်မာပြည်ဖက်ကို အကြောင်းအမျိုးမျိုးနဲ့ လာပြီးတော့ပေါ့ စီးပွားရေးလုပ်တာ ပဲ ဖြစ်ဖြစ်လာပြီးရင်းနှီး မြုပ်နှံတာပဲဖြစ်ဖြစ် သူတို့ ကျနော်တို့ ဗီဇာတွေ ဘာတွေ လျှောက်တဲ့အခါမှာ အဆင်ပြေ လွယ်ကူအောင်လို့ပေါ့ နှစ်နိုင်ငံ ဆက်ဆံရေးလည်း ပိုမိုတိုးတက်အောင် ကိုယ့်မြန်မာနိုင်ငံသားတွေအတွက်လည်း ဒီမှာ အကျိုးစီးပွားကို ပိုပြီးတော့ ကာကွယ်စောင့်ရှောက် ပေးလို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါခင်ဗျ"

မြောက်ပိုင်းခရိုင် ချင်းမိုင်မြို့နယ်ထဲမှာ မြန်မာနိုင်ငံက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းမီဒီယာအဖွဲ့အစည်းတွေ နဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစိုးရ မဟုတ်တဲ့ NGO အဖွဲ့အစည်းတွေ ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်သိန်းခုနှစ်သောင်းကျော် နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြို့တစ်မြို့ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ထောင်နဲ့ချီတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား တွေနေထိုင်နေကြပြီး ချင်းမိုင်နဲ့ ရန်ကုန်မြို့ကို တိုက်ရိုက်ပျံသန်းနေ တဲ့ လေကြောင်းလိုင်းတွေ ရှိသလို မန္တလေးမြို့ကိုလည်း တိုးချဲ့ပျံသန်း မယ့် လေကြောင်းလိုင်းတွေ ရှိနေပါတယ်။

ချင်းမိုင်မြို့က ဝပ်ဆိုင်းမွန်းဘုန်းတော်ကြီးကျောင်းက မြန်မာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍညကို နိုင်ငံတော် အစိုးရက ချီးမြှင့်တဲ့ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ချီးမြင့်ပွဲ အခမ်းအနားကိုလည်း တစ်ပြိုင်တည်း ပြုလုပ်နိုင်ဖို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။