ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြည်နယ် ရရှိရေး ထောက်ခံပေးကြဖို့ UWSA ပန်ကြား


2015.05.01

ဒီနေ့ စတင်ကျင်းပတဲ့  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံဖွင့်ပွဲနေ့မှာ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေအပြင် "ဝ" ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ အစိုးရကို တောင်း ဆိုထားကြောင်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ဝိုင်းဝန်းထောက်ခံပေးဖို့ပန်ကြားကြောင်း ဝပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ဥက္ကဌ ဦးပေါက်ယူချန်းက ပြောသွားပါတယ်။

ဦးပေါက်ယူချမ်းက ဝပြည်သူတွေရဲ့ တောင်းဆိုချက် အရ၊ ဝသမိုင်းရဲ့အထောက်အထားတွေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် အစိုးရကိုလည်း တင်ပြတောင်းဆိုထားပြီးဖြစ်တယ်လို့ ပြောတယ်လို့ UWSA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က ပြောပါတယ်။

ညီလာခံမှာ အစိုးရနဲ့ လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကိုးကန့်အဖွဲ့ MNDAA ၊ ရက္ခိုင့်တပ်မတော် AA နဲ့ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့တို့လည်း အဲ့ဒီ ညီလာခံကို တက်ရောက်နေပြီး သူတို့လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးပွဲမှာ ပါဝင်လိုကြောင်း ဆွေးနွေးခဲ့တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

ညီလာခံကို ကချင်လွတ်လပ်ရေးဖွဲ့KIO၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်တိုးတတ် ရေးပါတီ ( SSPP/SSA ) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ ( NMSP) စတဲ့ တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့က ခေါင်းဆောင်ပိုင်းတွေ တက်ရောက်ဆွေးနွေးနေပါတယ်။

ပန်ဆန်းမြို့က လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ရဲ့ ညီလာခံကို လာမယ့် မေလ ၆ ရက်နေ့အထိ ၆ ရက်ကြာကျင်းပသွား မှာဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ညီလာခံနဲ့ပတ်သက်ပြီး UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

အလားတူ ညီလာခံမှာ တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး ညီလာခံတက်ရောက်လာတဲ့ AA အဖွဲ့ ဥက္ကဌ ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။