ခေါင်းဆောင် ၆ ဦး ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


2015.04.10
6talks-meet-305 နေပြည်တော်က သမ္မတအိမ်တော်မှာ ဧပြီလ ၁ဝ ရက်နေ့က ကျင်းပတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကို မေလ ၁၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေ ပြန်လည်မစတင်ခင်မှာ ထပ်မံကျင်းပဖို့အတွက် ဒီနေ့ ကျင်းပတဲ့ ခြောက်ပွင့် ဆိုင်ဆွေးနွေးပွဲမှာ သဘောတူညီမှုရရှိခဲ့ပါတယ်။

နေပြည်တော်က နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမမှာကျင်းပတဲ့ ပထမဆုံးအကြိမ် ခြောက် ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ နောက်ထပ် ထပ်မံဆွေးနွေးဖို့ သဘောတူညီခဲ့ တာဖြစ်ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါ တယ်။

"နောက်တစ်ကြိမ်ဆွေးနွေးဖို့လည်း အနီးစပ်ဆုံးကာလတွေကို သက်မှတ်နိုင်ခဲ့ပါတယ်၊ အဲ့ဒီဆွေးနွေးပွဲ မှာတော့ အသေးစိပ်လာမှာပေါ့နော်၊ အရေးကြီးတဲ့ ဘယ်ပုဒ်မ ဘယ်ပုဒ်မတွေကိုနော် ဘယ်လိုပြင်ကြမှာ လဲ သူ့ကဏ္ဍ ကဏ္ဍအလိုက်ဘယ်လိုအဆိုပြုကြမှာလဲ၊ အဲ့ဒီအပေါ်မှာဘယ်လို သုံးသပ်ဆွေးနွေးမလဲ ဆိုတာလေးတွေ နောက်တစ်ကြိမ်ဆွေးနွေးပွဲမှာပါပါလိမ့်မယ်၊ သမ္မတကြီးတို့ဘက်ကတော့ ၆ ဦးထက် ပိုပြီး ပါဝင်စေချင်တာပေါ့၊ ဒါပေမဲ့ ကျနော်တို့ အထူးသဖြင့် ပြည်ထောင်စုလွှတ်တော်နာယကကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ဒီလောက်နဲ့လုံလောက်တယ်ဆိုတဲ့ သဘောမျိုးနဲ့ဆွေးနွေးတာပေါ့လေ"

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေး လုပ်ငန်းကော်မတီရဲ့ အစီရင်ခံစာကိုအခြေခံပြီး ခေါင်းဆောင် ၆ ဦး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တိုင်းရင်းသားကိုယ်စားလှယ်တွေကို ကိုယ်စားပြုတက်ရောက်ခဲ့တာဖြစ်တဲ့အတွက် ဒေါက်တာအေးမောင်က ၆ ပွင့်ဆိုင်တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တာတွေကို တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီနေ့ ညနေ မှာ ပြန်လည်ရှင်းလင်းပြရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဌ ၂ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနဲ့ တိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးတို့ပါဝင်တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပေးဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ထံတင်ပြခဲ့ရာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

၆ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ တက်ရောက်မယ့် တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးအဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေက ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာအေးမောင်ကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဒီခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်လို့ပဲ နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA ဝိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။