ပါတီရပ်တည်ခွင့်ကိစ္စ ကမန်ခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေး
2011.02.23

“ကမန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အတွင်းရေးမှူး ဦးဆင်ဝယ်နဲ့ အဖွဲ့ဝင် ၃ ဦးကို အထွေထွေ အတွင်းရေးမှူးရဲ့ ရုံးမှာပဲ လက်ခံ တွေ့ဆုံပါတယ်။ ကမန်အမျိုးသားတွေက လူနည်းစု ဖြစ်ပါတယ်။ အဲဒီမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံနေရတဲ့အကြောင်း၊ နောက် ကမန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားမဝင်ပေါ့လေ၊ ဖျက်သိမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ ကော်မရှင်ကို သူတို့ တင်ပြဖို့ စီစဉ်ထားတဲ့အကြောင်း အဲဒါကို ဆွေးနွေးသွားပါတယ်ခင်ဗျ။”
ကမန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်း ထူထောင်ခဲ့တဲ့ ပါတီဖြစ်ပြီး၊ နောက်ပိုင်းမှာ စစ်အစိုးရ ဖျက်သိမ်းခံရတဲ့ ပါတီတွေထဲက ပါတီတခု ဖြစ်ပါတယ်။
ဒါအပြင် ဒီကနေ့ ညနေပိုင်းမှာ အမေရိကန်အခြေစိုက် ဘလွန်းဘတ် ဂျာနယ်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း ဖေဖော်ဝါရီ ၂၂ ရက် မနေ့က အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ် အမေရိကန်အစိုးရက စစ်တပ် ကြီးစိုးထားတဲ့ မြန်မာနိုင်ငံကို ဘယ်လို အကူအညီမျိုးတွေ ပေးရမလဲ ဆိုတာ ဆွေးနွေးခဲ့ကြတယ်လို့ AP သတင်း တရပ်မှာ ဒီကနေ့ ဖော်ပြလိုက်ပါတယ်။
မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးမှာ ပျက်ကွက်မှုတွေကြောင့် အမေရိကန်အစိုးရက နှစ်ရှည်လများ စီးပွားရေး ပိတ်ဆို့အရေးယူထားတဲ့ အကြောင်းနဲ့၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ ကြီးစိုးထားတဲ့ အစိုးရသစ်အကြောင်းတွေလည်း ပြောဆို ဆွေးနွေးခဲ့ကြတယ်လို့ မစ္စတာ လယ်ရီဒင်းဂါးက ပြောပါတယ်။ ဒါ့အပြင် သမတ အိုဘားမား အစိုးရကလည်း လာမဲ့ အစိုးရသစ်နဲ့ စေ့စပ်ညှိနှိုင်းဆောင်ရွက်နိုင်မဲ့ နည်းလမ်းတွေ ရှာဖွေနေတယ်လို့ သိရပါတယ်။