တနင်္လာထောင့်က ဆုတောင်းပွဲ
2011.09.27

နေ့လည် ၁ နာရီခွဲမှာ စပြီးပြုလုပ်ခဲ့တဲ့ ဒီနေ့ဆုတောင်းပွဲကို နော်အုန်းလှ၊ ဒေါ်ခင်ဝင်းကြည်၊ ဦးသိန်းအောင်တို့ ဦးဆောင်ပြီး၊ ပါဝင်သူ စုစုပေါင်း အယောက် ၄၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။ ဒီနေ့ပွဲဟာ အေးအေးချမ်းချမ်း ပြီးဆုံးခဲ့ပေမယ့် အစိုးရ လုံခြုံရေးအဖွဲ့ဝင်တွေက ခါတိုင်းထက် ပိုပြီး စောင့်ကြည့် နေခဲ့တယ်လို့ ဒေါ်ခင်ဝင်းကြည်က RFA ကို ပြောပါတယ်။
အခုလို နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲတွေ စဉ်ဆက်မပြတ် လုပ်နေတာဟာ အကျဉ်းထောင်ထဲက သူတွေကို စိတ်ဓာတ်အရ အားပေးတာလို့ ဆုတောင်းပွဲ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့နိုင်ငံရေး အကျဉ်းသူဟောင်း နော်အုန်းလှက အခုလို ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တွေ့တဲ့အပေါ်မှာ တွေ့ဆုံဆွေးနွေးမှုကို ပျက်ပြားစေတယ်လို့ ပြောဆိုတာဟာ တကယ် တွေ့ဆုံဆွေးနွေးမှု အစစ်အမှန်ဆိုရင် ပျက်ပြားစရာ အကြောင်းမရှိပါဘူး။ ထောင်ထဲမှာ ရှိတဲ့ သူတွေကို အားရှိအောင် လုပ်ပေးတာပဲ ဖြစ်ပါတယ်ရှင့်”
ရွှေတိဂုံဘုရားပေါ်က ဒီနေ့ ဆုတောင်းပွဲကို ပြည်တွင်း သတင်းဂျာနယ်တွေက သတင်းထောက်တွေ ရောက်လာပြီး သတင်းယူကြတယ် လို့လဲ သိရပါတယ်။