အင်းစိန်ထောင်မှာ အစာငတ်ခံ ဆန္ဒပြသူနှစ်ဦး စစ်ခွေးတိုက် ပို့ခံရ


2015.11.03
insein-prison-620.jpg ရန်ကုန်မြို့၊ အင်းစိန်ထောင် အဝင်ဝကို တွေ့ရစဉ်
Photo: RFA

နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွှတ်ပေးဖို့အတွက် အင်းစိန်ထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ ကိုတင်ထွဋ်ပိုင်နဲ့ ကိုနိုင်ဇော်ကြည်ဝင်းတို့ကို ထောင်တွင်းပြစ်ဒဏ်ပေးတဲ့ စစ်ခွေးတိုက်ကို ဒီနေ့ ပို့လိုက်တယ်လို့ သိရပါတယ်။

သာယာဝတီထောင်မှာ ဗကသ ကျောင်းသားခေါင်းဆောင် ၇ ယောက် အစာငတ်ခံတိုက်ပွဲဝင်နေတဲ့အတွက် အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုတင်ထွဋ်ပိုင်နဲ့ ကိုနိုင်ဇော်ကြည်ဝင်းတို့လည်း ပါဝင်လာတာလို့ သိရပါတယ်။

သူတို့ကို စစ်ခွေးတိုက်ဆီ ပို့လိုက်တယ်လို့ သိရတဲ့အကြောင်း ကိုနိုင်ဇော်ကြည်ဝင်းရဲ့ မိခင် ဒေါ်ခင်ကြည်က RFA ကိုပြောပါတယ်။

"ကိုတင်ထွဋ်ပိုင်က ၂ ရက်နေ့ အရင်စဝင်တယ်၊ အင်းစိန်ထောင်က စစ်ခွေးတိုက်ကို ခေါ်သွားတယ်တဲ့၊ ဒီနေ့မနက် ၇ နာရီမှာ ကျမသားအငယ်ကောင် နိုင်ဇော်ကြည်ဝင်းကို ခေါ်သွားတယ်၊ ဒီအတိုင်းကြီးပေါ့နော် ခါးဝတ်ခါးစားနဲ့ပဲ သူတို့နေတဲ့တိုက်ကနေပြီးတော့ အဲ့ဒီ စစ်ခွေးတိုက်ကို မနက်က ၇ နာရီက ခေါ်သွား တယ်ပေါ့နော်"

ကိုတင်ထွဋ်ပိုင်ဟာ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းဒေသမှာ တောင်သူဒေါ်ခင်ဝင်းကို ရဲတပ်ဖွဲ့ က သေနတ်နဲ့ပစ်လို့ သေဆုံးသွားရတဲ့ကိစ္စအတွက် အမှုမှန်ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုဆန္ဒပြတဲ့ အတွက် နှစ်ရှည်ထောင် ချခံထားရတာဖြစ်ပါတယ်။

ကိုနိုင်ဇော်ကြည်ဝင်းက အလုပ်သမားတွေ လုပ်ခလစာတိုးတောင်းတဲ့ ဆန္ဒပြတာတွေမှာ ကူညီခဲ့တဲ့အတွက် တရားစွဲခံနေရတာ ဖြစ်ပါတယ်။

သာယာဝတီထောင်မှာ အစာငတ်ခံတိုက်ပွဲဝင်နေတဲ့ ဗကသများအဖွဲ့ချုပ်ဝင်တွေကတော့ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုမျိုးမြတ်စံ၊ ကိုဖြိုးဓန၊ ကိုဆွေလင်းထွန်း၊ ကိုမာနော်၊ ကိုကျော်စွာလင်းတို့ ဖြစ်ပါတယ်။ သူတို့ကိုလည်း တစ်ယောက်တစ်နေရာစီ သီးခြားခွဲထားတယ်လို့ သိရပါတယ်။

ကိုအောင်မှိုင်းဆန်းရဲ့ ဇနီး မလဲ့လဲ့နွယ်နဲ့ အင်းစိန်ထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ ကိုနိုင်ဇော်ကြည်ဝင်းရဲ့ မိခင် ဒေါ်ခင်ကြည်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။