ကနီမြို့နယ် ကင်းရွာမှာ အမျိုးသမီး နှစ်ဦး သတ်ဖြတ်ခံရ

2022.08.22
ကနီမြို့နယ် ကင်းရွာမှာ အမျိုးသမီး နှစ်ဦး သတ်ဖြတ်ခံရ ကနီမြို့နယ်၊ ကင်းရွာမှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၁ ခုနှစ် မေလမှာ တွေ့ရစဥ်
Photo: Citizen Journalist
စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ကင်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် ရွာခံအမျိုးသမီး နှစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ကင်းရွာ ဒေသခံတွေက ဩဂုတ်လ ၂၂ ရက် ဒီနေ့ ပြောပါတယ်။
 
ဩဂုတ်လ ၁၇ ရက်နေ့မှာ ကနီမြို့နယ် ကင်းရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ စစ်သားအင်အားတွေချပြီး ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံ ၆၀ ဦးလောက် ဖမ်းဆီးခံခဲ့ရပါတယ်။
 
ဩဂုတ်လ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ သုံးရက်တာ ဝင်ရောက်စီးနင်းမှုမှာ ဖမ်းဆီးခံရ သူတွေထဲက လေဖြန်းနေပြီး မတိမ်းရှောင်နိုင်တဲ့ အသက် ၇၂ နှစ်အရွယ် ဒေါ်မြနဲ့ သူ့ကို ပြုစုစောင့်ရှောက်နေတဲ့ သမီးဖြစ်သူ အသက် ၄၀ အရွယ် ဒေါ်မိစိုးတို့ သတ်ဖြတ်ခံခဲ့ရတာလို့ ကင်းရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
 
"သူတို့ သားအမိနေတဲ့အိမ်က ၈၈ အရေးခင်းကတည်းက NLD ဆိုင်းဘုတ်ချိတ်ထားတဲ့ အိမ်ပေါ့။ ဒါကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ NLD ထောက်ခံသူတွေကို ပစ်မှတ်ထားပြီး သတ် တာလို့ ထင်တယ်။ ကျန်တဲ့ ဖမ်းမိတဲ့သူ တွေကိုတော့ မသတ်ဘဲ ပြန်လွှတ်ပေးပါတယ်”
 
သူတို့သားအမိနှစ်ဦးရဲ့ အလောင်းတွေကို ဩဂုတ်လ ၁၉ ရက်နေ့မှာ ကင်းရွာအနီးက အမှိုက်ပုံ တစ်ခုမှာ စွန့်ပစ်ထားခဲ့ပြီး အလောင်းမှာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေလည်း တွေ့ရတယ်လို့ သူက ဆိုပါတယ်။
 
အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။
 
ဩဂုတ်လ ၂၀ ရက်နေ့မှာ ရွာကနေ စစ်ကြောင်းပြန်ထွက်သွားပြီး ဩဂုတ်လ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာတော့ အဲဒီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ် မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ အဲဒီရွာကို ပြီးခဲ့တဲ့ မေလကုန်ပိုင်းတုန်းကလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး ရွာကို မီးရှို့တာကြောင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ဆုံးရှုံးကာ လူတစ်ထောင်လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။