ရထားဝန်ကြီး ဦးအောင်မင်း နော်ဝေးနိုင်ငံကို ရောက်ရှိ

သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်းဟာ နော်ဝေးနိုင်ငံ အော်စလိုမြို့ကို မနေ့က ရောက်ရှိလာပါတယ်။

2012.04.16
norway-burma-b305 နော်ဝေး နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယိုးနတ်စ် ဂါး စတိုရားနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းတို့ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
RFA

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ မြန်မာအစိုးရကြား အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နော်ဝေးအစိုးရကို ရှင်းလင်းပြောဆိုဖို့ ဖြစ်တယ်လို့ နော်ဝေး နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် နော်ဝေးနိုင်ငံဘက်က မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းလိုက်တာရဲ့ အကျိုးသက်ရောက်မှု တစ်ရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အလားတူ ကေအင်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗိုလ်မှူးတူးတူးလေးလည်း ညှိနှိုင်းဆွေးနွေးရေးသင်တန်း တက်ရောက်ဖို့ နော်ဝေးနိုင်ငံကို ရောက်ရှိနေပါတယ်။ ယော်ဗစ်မြို့က နော်ဝေး-မြန်မာ မိတ်ဆွေများအသင်းနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်မှူးတူးတူးလေးက အခုလို ဝန်ကြီး ဦးအောင်မင်း ရောက်ရှိနေချိန်အတွင်း နော်ဝေးရောက် မြန်မာတိုင်းရင်းသားများ အနေနဲ့ မြန်မာအစိုးရကို ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စအတွက် အခုထက်ပိုပြီး ဆောင်ရွက်ဖို့ တိုက်တွန်းသင့်ကြောင်း ပြောဆိုခဲ့တယ်လို့ အသင်းဝင် ဦးဇော်ဝင်းက ပြောပါတယ်။

နော်ဝေး အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေမှာ ပါဝင်ကူညီလိုတဲ့ ဆန္ဒရှိကြောင်း နော်ဝေး နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ပြောဆိုပါတယ်။

မြန်မာအစိုးရအပေါ် ဗီဇာ ပိတ်ပင်ထားတာနဲ့ ရင်းနှီးမြှုုပ်နှံမှု ပိတ်ပင်ထားတာတွေကို ရုပ်သိမ်းကြောင်း နော်ဝေးအစိုးရက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ လက်နက်ရောင်းချရေးနဲ့ ကျောက်မျက်၊ သတ္ထု၊ သစ် စတဲ့ ကုန်သွယ်မှု ကဏ္ဍကိုတော့ နော်ဝေးနိုင်ငံက ဆက်လက် ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂ အီးယူဟာ လာမယ့်ဧပြီလ (၂၃) ရက်နေ့မှာ မြန်မာ့အရေးဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။