ဦးသန့် ပြတိုက်ဖွင့်လှစ်ပွဲ အခမ်းအနားကျင်းပ


2013.04.06

၁၉၆၁ ကနေ ၁၉၇၁ ခုနှစ်အထိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် အမှုထမ်းခဲ့တဲ့ ဦးသန့် နောက်ဆုံးနေခဲ့တဲ့ နေအိမ်ကို ဦးသန့်ပြတိုက်အဖြစ် ဒီနေ့မှာ စတင်ဖွင့်လှစ် လိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်မထမ်းဆောင်ခင် နောက်ဆုံးနေခဲ့တဲ့ ခြံအမှတ် ၃၁၊ ပန်းဝါလမ်း၊ ဝင်ဒါမီယာမှာ ရှိတဲ့နေအိမ်ကို ပြတိုက်အဖြစ် ပြောင်းလဲပြင်ဆင်ဖွင့်လှစ်တဲ့ အခမ်းအနားကျင်းပခဲ့တာပါ။

ဦးသန့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ယူခဲ့စဉ်က ထင်ရှားတဲ့သမိုင်းအဖြစ်အပျက်တွေကို အများပြည်သူသိရှိအောင် အခမဲ့ပြသသွားဖို့ရည်ရွယ်ပြီး ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့တာလို့ ဒီနေ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက အကျိုးတော်ဆောင် တစ်ဦးဖြစ်သူ ကိုညိုအုန်းမြင့်က RFA ကို ပြောပါတယ်။

ဦးသန့်ဟာ သာမန်ကျောင်းဆရာဘဝကနေ ၁၃ နှစ်ကျော် ကာလအတွင်း ကမ္ဘာမှာ အရေးကြီးဆုံး နေရာတစ်ခုဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တဲ့သမိုင်းကို အနာဂတ်လူငယ်တွေသိရှိအောင်၊ လေ့လာအတုယူနိုင်အောင် ဖွင့်လှစ်တာလို့လည်း ပြောပါတယ်။

ဒီပြတိုက်ဖွင့်ပွဲကို ဦးသန့်ရဲ့သမီးဖြစ်သူ ဒေါ်အေးအေးသန့်နဲ့ မြေးဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးအပါအဝင် အစိုးရတာဝန်ရှိသူတွေဖက်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့အတူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။