ဦးဝင်းတင် ကွယ်လွန်မှုဟာ ဆုံးရှုံးမှုကြီးဖြစ်ကြောင်း NLD ပြောကြား
2014.04.21

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားတာဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးက ဒီနေ့ အောက်မေ့ဘွယ် အခမ်းအနားမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒီနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ပြည်လမ်း ယုဒဿန်ရိပ်သာမှာ ကျင်းပတဲ့ ဆရာကြီး ဦးဝင်းတင် အတွက် အောက်မေ့ဘွယ်အခမ်းအနားမှာ နာယက ဦးတင်ဦးက အခုလို ပြောခဲ့တာပါ။
" တို့အတွက်ကတော့ ဆုံးရှုံးတာပေါ့၊ နောက်ပြီးတော့လည်း တိုင်းပြည်အတွက်လည်း လွတ်လပ်ရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဒါတွေက သူသတင်းစာသမား တစ်ယောက်အနေနဲ့ သူ့အတွေ့အကြုံတွေနဲ့ သူ့အလုပ်အကိုင်တွေနဲ့ သူစပ်ဆက်ပြီးတော့ စိတ်ဓာတ်တွေနဲ့ လုပ်လာတဲ့ဟာတွေက အများကြီး ဆုံးရှုံးတာပေါ့၊ အဖွဲ့အတွက်လည်း ဆုံးရှုံးတာပဲ တခြား ဒီမိုကရေစီ အင်အားစုအတွက်လည်း ဘာပဲပြောပြော ဆုံးရှုံးတာပဲ"
ဒီနေ့ ယုဒဿန်ရိပ်သာမှာကျင်းပတဲ့ အခမ်းအနားကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့တွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ နဲ့ ဆရာကြီး ဦးဝင်းတင်ရဲ့ လုပ်ဖေါ်ကိုင်ဖက် နိုင်ငံရေးသမားတွေ၊ ဆွေမျိုးတွေ တက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ တို့ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ဝမ်းနည်းကြောင်း အထိမ်းအမှတ်အနေနဲ့ တစ်နိုင်ငံလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွေအားလုံး မှာ လွှင့်ထူထားတဲ့ ပါတီအလံကို လာမယ့် ဧပြီလ ၂၃ ရက်နေ့အထိ တဝက်လွှင့်ထူဖို့ ရုံးချုပ်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ဈာပနအခမ်းအနားကို လာမယ့် ဧပြီလ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ ရေးဝေးသုဿန်မှာ အခမ်းအနားကျင်းပပြီး ဂူသွင်းသဂြိုလ်မှာ ဖြစ်ပါတယ်။
အဲဒီအစီအစဉ်အားလုံးအတွက် နာရေးကူညီမှုအသင်း (ရန်ကုန်)က တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။
" ဒီနေ့ပဲ အဘရဲ့ ဘော်ဒီကို ဆေးရုံကြီးကနေ ရေဝေးအအေးခန်းကို ပို့ခဲ့ပြီးပြီ၊ သုံးရက်မြောက် နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီထိ ခန်းမထဲမှာ ထားမယ်၊ ဘဘ ကိုလေးစားတဲ့ သူတွေ လာပြီးတော့ ဂါရဝပြုဖို့ ၅ နာရီထိုးရင် ဘဘရဲ့ ဘော်ဒီကို ဂူသွင်းဖို့ သယ်ဆောင်သွားမယ်၊ ဂူတို့ အခေါင်းတို့ ကိစ္စတွေက ကျွန်တော်တို့ နာရေးကူညီမှုအသင်းကနေပြီးတော့ အားလုံး တာဝန်ယူပြီးတော့ လုပ်ပေးမှာ ဖြစ်ပါတယ်"
ဆရာကြီး ဦးဝင်းတင်ဟာ မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ Green Cross ဆေးရုံ နဲ့ ဝိတိုရိယ ဆေးရုံတွေမှာ ကုသမှုခံယူခဲ့ပြီး မတ်လ ၂၉ နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ကုသမှု ခံယူခဲ့ပါတယ်။
ဦးဝင်းတင်ဟာ ဒီနေ့ မနက် ၆ နာရီခွဲက ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဦးဝင်းတင် ကွယ်လွန်မှုနဲ့ ပတ်သက်လို့ ရန်ကုန်မြို့၊ အမေရိကန်သံရုံးကလည်း ဝမ်းနည်းကြောင်း ကြေညာချက် တစ်စောင် ဒီကနေ့ ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့ ပြည်လမ်း ယုဒဿန်ရိပ်သာမှာ ဒီနေ့ပြုလုပ်တဲ့ ဦးဝင်းတင် အောက်မေ့ဘွယ် အခမ်းအနား ကို တက်ရောက်လာသူတွေရဲ့ ပြောပြချက်တွေကို RFA သတင်းထောက် မဇင်မာဝင်း စုစည်းတင်ပြ ထားတာ နားဆင်နိုင်ပါတယ်။
ဦးဝင်းတင်ရဲ့ သတင်းစာလောက က လုပ်ဖေါ်ကိုင်ဖက်တွေကို မေးမြန်းပြီး RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားတာကို နားဆင်နိုင်ပါတယ်။
ဆရာဦးဝင်းတင်ရဲ့ ဈာပနအခမ်းအနားကို ပူးတွဲတာဝန်ယူနေတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ ဥက္ကဋ္ဌ ဦးကျော်သူ ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင်က ရေဝေးသုဿန်မှာ တွေ့ဆုံမေးမြန်း ထားတာကိုလည်း နားဆင်နိုင်ပါတယ်။
ဒီနေ့မနက်က ဆရာဦးဝင်းတင်ရဲ့ ရုပ်အလောင်းကို ရေဝေးသုဿန်ကို ပြောင်းရွှေ့ခဲ့စဉ် အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင်က ကိုမင်းကိုနိုင်ကို ရေဝေးသုဿန်မှာ တွေ့ဆုံမေးမြန်းတာကိုလည်း နားဆင်နိုင်ပါတယ်။
ဆရာဦးဝင်းတင်ကွယ်လွန်တာနဲ့ ပတ်သက်လို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပြောပြချက်တွေကို အာအက်ဖ်အေ ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။