ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်ကောင်စီ ထောင်ဆယ်နှစ်ချ

RFA Burmese
2023.11.29
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်ကောင်စီ ထောင်ဆယ်နှစ်ချ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်။
Ye Htut (Facebook)

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီး တာဝန်ယူခဲ့သူ ဦးရဲထွဋ်ကို အင်းစိန်အကျဉ်းထောင် အထူးတရားရုံးကနေ နိုဝင်ဘာလ ၂၉ ရက် ဒီကနေ့မှာ ထောင်ဆယ်နှစ် ချလိုက်တယ်လို့ အင်းစိန် အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဦးရဲထွဋ်ကို မမှန်မကန် သတင်းဖြန့်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ထောင်သုံးနှစ်၊ ဥပဒေပါ ဖော်ပြချက်အရ တပ်မတော်သားနဲ့ အစိုးရဝန်ထမ်းတွေကို ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က နဲ့ ထောင်ခုနစ်နှစ် ချမှတ်လိုက်တာလို့ အဲဒီအမိန့်ချမှတ်မှုကို သိရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ဦးရဲထွဋ်ရဲ့အမှုမှာ တရားလိုပြသက်သေစစ်ပြီး တရားခံပြသက်သေတွေ မစစ်တော့ဘဲ အမိန့်ချလိုက်တာလို့ သိရပါတယ်။ ဒါကြောင့် အခုလို မြန်မြန်ဆန်ဆန်နဲ့ အမိန့်ချလိုက်တာပေါ့”

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းစိန် အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးကလည်း ဦးရဲထွဋ်ရဲ့ အမှုတွေကို အလုံ ခရိုင်တရားသူကြီးက အမိန့်ချခဲ့တာဖြစ်ပြီး အမှုမှာ ရှေ့နေမငှားခဲ့ဘဲ ဦးရဲထွဋ်က သူကိုယ်တိုင် ခုခံချေပခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို သူနေထိုင်ရာ အလုံမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်မှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် ညပိုင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် အလုံ မြို့မရဲစခန်းကနေ မမှန်မကန် သတင်းဖြန့်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခု အမိန့်ချမှတ်တဲ့ကိစ္စကိုတော့ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ သုံးနာရီခွဲအချိန်အထိ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

(အမှားပြင်ဆင်ချက် - "တပ်မတော်သားနဲ့ အစိုးရဝန်ထမ်းတွေကို ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း ရာဇသတ်ကြီး ပုဒ်မ ၁၂၄- ဃ" အစား "တပ်မတော်သားနဲ့ အစိုးရဝန်ထမ်းတွေကို ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း ရာဇသတ်ကြီး ပုဒ်မ ၁၂၄- က" ဟု ပြန်လည် ပြင်ဆင်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။