ဦးဘရန်ရှောင် အာမခံရ
2013.04.08
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံ အကြောင်းကြားစာ ပေးပို့ခဲ့ရာမှာ မမှန်မကန် လိမ်လည်စွပ်စွဲတယ်ဆိုပြီး ပုဒ်မ ၂၁၁ နဲ့ တရားစွဲဆိုခံထားရတဲ့ ကချင်ပြည်နယ် ဖါးကန့်မြို့နယ်ဒေသခံ ဦးဘရန်ရှောင်ကို ဖားကန့်မြို့နယ် တရားရုံးက ဒီကနေ့မှာ ငွေကျပ် ၆ သိန်းနဲ့ အာမခံပေးလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့က ဖားကန့်မြို့နယ် မှော်ဝမ်းအုပ်စု (၁)၊ ဆွတ်ငိုင်ယန်ရပ်ကွက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ရာမှာ ဦးဘရန်ရှောင်ရဲ့ သမီး နဝမတန်းကျောင်းသူ မဂျာဆိုင်းအိမ်ဟာ လက်နက်ကြီးကျည် အစိတ်အပိုင်းထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
အဲဒီလိုသမီးဖြစ်သူ အသက်ဆုံးရှုံးရတာနဲ့ ပတ်သက်ပြီး ကွင်းဆင်းဖော်ထုတ်ပေးဖို့ သမ္မတဦးသိန်းစိန်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကြောင်းကြားစာ ပေးပို့ခဲ့ရာမှာ အချက်အလက် လိမ်လည်ရေးသားတယ်ဆိုပြီး ဖါးကန့်နယ်မြေအခြေစိုက် စစ်ဗျူဟာက တရားစွဲတဲ့အတွက် ဦးဘရန်ရှောင်ဟာ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဖားကန့်မြို့နယ် တရားရုံးက ဒီကနေ့မှာ အာမခံပေးလိုက်ပါတယ်လို့ ကာယကံရှင်ဖြစ်သူ ဦးဘရန်ရှောင်က RFA ကို ပြောပြပါတယ်။
ဒီကနေ့ရုံးချိန်းကို တရားစွဲဆိုထားတဲ့ ဖားကန့်ဗျူဟာမှူးရုံး (၃) စစ်ဦးစီးမှူး၊ ဒုတိယတန်းစစ်ဆင်ရေး အရာရှိတွေဘက်က လာရောက်ခြင်းမရှိတဲ့အတွက် လာမယ့် ၂၂ ရက်နေ့ကို ရုံးချိန်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။