NLD ပါတီ ၇၄ ရာခိုင်နှုန်းနိုင်နေပြီ လို့ ရွေးကောက်ပွဲကော်မရှင်ပြော


2015.11.13
myintnaing-uec-620.jpg နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းမီဒီယာ စင်တာမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်ကို တွေ့ရစဉ်
Photo: Win Naung Toe/ RFA

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ ၇၄% အထိနိုင်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းမီဒီယာ စင်တာမှာ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပါတီတွေရဲ့နိုင်နေတဲ့ ရာခိုင်နှုန်း ကို ပြောကြားလိုက်တာဖြစ်ပါတယ်။

"ပြည်သူ့လွှတ်တော်မှာဆိုရင် ကျနော်တို့ ၃၃ဝ နေရာရှိပါတယ်၊ ၂၉၈ နေရာ အတွက်ကြေငြာပြီးဖြစ်ပါတယ်၊ ၂၅ နေရာအတွက်သာကြေညာရန်ကျန် ရှိပါတယ်၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် ထုတ်ပြန်သည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေကို ကိန်းဂဏန်းနဲ့ ပြသထားတဲ့ ဇယားဖြစ်ပါတယ်၊ ပါတီအလိုက်ရရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်ဦးရေကို ရာခိုင်နှုန်းနဲ့ တွက်ချက်ပြီးတော့မှ ဖော်ပြပေးထားပါတယ်၊ အနီရောင်ကတော့ NLD ပါတီဖြစ်ပြီး၊ ၇၄ ရာခိုင်နှုန်းရရှိပါတယ်၊ အစိမ်းရောင်ကတော့ USDP ပါတီဖြစ်ပြီး ၈ ရာခိုင်နှုန်းရရှိပါတယ်၊ အဝါရောင်ကတော့ SNLD ပါတီဖြစ်ပြီးတော့ ၄ ရာခိုင်နှုန်းရရှိပါတယ်၊ အခြားပါတီတွေ ကတော့ ၆ ရာခိုင်နှုန်း ရှိပါတယ်၊ ကြေငြာရန် ကျန်ရှိတာကတော့ ၈ ရာခိုင်နှုန်း ပဲဖြစ်ပါတယ်"

ဒီကနေ့ ညနေ ၆နာရီအထိ ထွက်ပေါ်လာတဲ့ ရလဒ်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြည်သူ့လွှတ်တော်မှာ ၃၃၀ ရှိတဲ့နေရာအတွက် ၂၃၈ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၆၈ နေရာရှိရာမှာ ၁၂၆ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အတွက် ၆၄၄ နေရာရှိရာမှာ ၄၅၀ နေရာ အနိုင်ရနေတာဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်အတွက် ၂၈ နေရာ ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အတွက် ၆၉ နေရာ ရရှိနေတာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေ့စဉ် ၅ ကြိမ် အနိုင်ရကိုယ်စားလှယ် စာရင်းကို ကြေညာပေးနေတာဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။