ရွေးကောက်ပွဲကော်မရှင် ဒု-ညွှန်ချုပ် သေနတ်နဲ့ ပစ်ခတ်ခံရ
2023.04.22

စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဦးစိုင်းကျော်သူကို For the Yangon မြို့ပြတော်လှန်ရေးအဖွဲ့က ဧပြီလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ အဲဒီအဖွဲ့တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
ဦးစိုင်းကျော်သူဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှုပုဒ်မ ၁၃ဝ(က) နဲ့ လိမ်လည်တရားစွဲဆိုတဲ့နေရာမှာ တရားလိုပြသက်သေအဖြစ် ဆောင်ရွက်ခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တာလို့ သူက ပြောပါတယ်။
ဒါ့အပြင် ဦးစိုင်းကျော်သူဟာ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦးဖြစ်သလို ညွှန်ကြားရေးမှူးချုပ် ရာထူးတိုးမြှင့်ဖို့အထိ လျာထားခြင်း ခံရသူဖြစ်တယ်လို့လည်း ဆိုပါတယ်။
အငြိမ်းစား ဒုဗိုလ်မှူးကြီး ဦးစိုင်းကျော်သူကို ပစ်ခတ်သတ်ဖြတ်တဲ့ ဗီဒီယိုဖိုင်လည်း လူမှုကွန်ရက်မှာ ထွက်ပေါ်ခဲ့ပါတယ်။ RFA အနေနဲ့ ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆိုကြပါတယ်။
ဦးစိုင်းကျော်သူဟာ ပစ်ခတ်ခံရပြီးနောက် နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ဘယ်နေရာမှာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ For the Yangon အဖွဲ့က လုံခြုံရေးအရ ပြောဆိုခြင်းမရှိပါဘူး။
စစ်ကောင်စီဝါဒဖြန့် Telegram Channel တွေမှာတော့ ဦးစိုင်းကျော်သူဟာ ဇနီးဖြစ်သူကို ဆေးခန်းပို့ပြီး ပြန်လာချိန် တောင်ဥက္ကလာပမြို့နယ် အောင်ရတနာဆေးရုံးအနီး ပစ်ခတ်ခံရတာလို့ ဖော်ပြထားကြပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးဌေးအောင်ကို RFA က ဆက်သွယ်လို့ မရခဲ့ပါဘူး။