ဦးထင်လင်းဦးကို ပုဒ်မနှစ်ခုနဲ့ တရားစွဲဆို


2014.12.05
htinlinoo-305 စာရေးဆရာ ထင်လင်းဦးပုံ
Photo:Htin Lwin Oo

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှ စံပြကျေးရွာက စာပေဟောပြောပွဲမှာ ဘာသာ၊ သာသနာကို ညှိုးနွမ်းစေတဲ့ အသုံးအနှုန်းတွေသုံး ပြီး ဟောပြောခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ NLD ပြန် ကြားရေးအရာရှိ စာရေးဆရာ ထင်လင်းဦး ကို ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူးက ပုဒ်မ ၂ခုနဲ့ တရားစွဲ လိုက်တယ်လို့ သိရပါတယ်။

ပုဒ်မ ၂၉၅(က) ဘာသာ၊ သာသနာညှိးနွမ်းစေမှုနဲ့ ပုဒ်မ ၂၉၈ ဘာသာ၊ သာသနာကို စော်ကား ပုတ်ခတ်ပြော ဆိုမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲတာဖြစ်တယ် လို့ ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းခိုင် က ပြောပါတယ်။

"ကျနော်တို့ရဲ့ ဗုဒ္ဓဘာသာကို ယုံကြည်မှှုပေါ့၊ သူက အထင်အမြင်သေးအောင် သူက ပြောထား တာတွေက အများကြီးပါပါတယ်ခင်ဗျ၊ အချက်အလက်တွေ တော်တော်လေးများပါတယ်၊ လူအများကြီးရဲ့ ယုံကြည်ကိုးကွယ်မှှုကိုပေါ့နော်၊ ဘာသာသာသနာကို စော်ကားပုတ်ခတ်ပြောဆိုတဲ့ ပြစ်မှှုဆိုင်ရာဥပဒေပေါ့နော်၊ ပုဒ်မ ၂၉၅(က) ရယ်၊ နောက်ပြီးတော့ ၂၉၈ ရယ်အဲ့ဒီ ၂ ခုဖြစ်ပါတယ်"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ သုံးပန်လှကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီးကျင်းပတဲ့ စာပေဟောပြောပွဲမှာ စာရေးဆရာ ထင်လင်းဦးက ဘာသာရေး၊ လူမျိုးရေးနဲ့ အယူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ထည့်သွင်းဟောပြောခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် နိုဝင်ဘာလ ၂ဝ ရက်နေ့မှာ ချောင်းဦးမြို့နယ် သံဃနာယကအဖွဲ့ရဲ့ တာဝန်ပေးချက်နဲ့ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းခိုင်က တရားလိုလုပ်ပြီး စာရေးဆရာ ဦးထင်လင်းဦးကို တရားစွဲခဲ့ တာဖြစ်ပါတယ်။

အဲ့ဒီအမှုကို လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စတင်စစ်ဆေးသွားမှာဖြစ်ပြီး စာရေးဆရာ ထင်လင်းဦးကို မရမ်းကုန်းမြို့နယ် တရားရုံးကတဆင့် ချောင်းဦးမြို့နယ်တရားရုံးကို လာရောက်အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်စာ ထုတ်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။