သန်းခေါင်စာရင်းမှာ လူမျိုး ထည့်သွင်းရေးကိစ္စ လဝက၀န်ကြီး စစ်တွေမှာ ရှင်းလင်း
2014.02.18

လာမယ့် မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ကောက်ခံမယ့် သန်းခေါင်စာရင်းမှာ နိုင်ငံသား မဟုတ်သူတွေကို တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှာ ထည့်သွင်းစဉ်းစားသွားမှာ မဟုတ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်ဒေသခံတွေကို သန်းခေါင်စာရင်းကောက်ခံမယ့် အစီအစဉ်တွေ ရှင်းပြတဲ့ပွဲမှာ ဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့တာပါ။
"ကျနော်တို့ နိုင်ငံသားဖြစ်တဲ့ လူတွေကိုသာလျှင် ဒီ ၁၃၅ မျိုးထဲမှာ ပြန်စီရမှာ၊ ဥပမာ ရှမ်းနီ တိုင်းရင်းသားထဲမှာပါတယ်၊ အရင်တခေါက်တုန်း က ရှမ်းနီဆိုတဲ့နာမည်ကျန်ခဲ့တယ်၊ ဒီလို တိုင်းရင်းသားလူမျိုးဖြစ်ပြီးသား လူတွေထဲက နာမည်အသစ်တွေပေါ်လာရင် ဘယ်လိုလူမျိုးကျန်ခဲ့ တယ်၊ အဲဒါဘယ်အုပ်စုမှာထည့်ရင် ကောင်းမလဲလို့ ဆွေးနွေးခြင်းဖြစ်တယ်၊ ကျန်တဲ့နိုင်ငံသား မဟုတ်တဲ့လူတွေက တိုင်းရင်းသား ၁၃၅ မျိုးထဲကို နိုင်ငံသားမဖြစ်သေးဘဲနဲ့ ခုန်ပြီးဝင်လာလို့မရဘူး၊ ပထမအဆင့်က နိုင်ငံသားဖြစ်ရေးကိစ္စရှိပါတယ်"
ဒီကနေ့တွေ့ဆုံပွဲမှာ လဝက ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က သန်းခေါင်စာရင်း ကောက်ခံမယ့် အစီအစဉ်မှာ သန်းခေါင်စာရင်း ဖြေကြားသူတွေကို ဥပဒေအရ အကာကွယ်ပေးထားသလို လူမျိုးအမည် လိမ်လည်မှုတွေ ရှိလာရင်လည်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲမှာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုကိုယ်စားလှယ်တွေ၊ ရပ်မိရပ်ဖတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လူမှုအဖွဲ့အစည်းတွေက ရခိုင်ပြည်နယ် သန်းခေါင်စာရင်း ကောက်ခံမှုနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ စိုးရိမ်မှုတွေကို တင်ပြခဲ့ကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။