ချက်ချင်းအပစ်ရပ်ဖို့ ကုလ လူ့အခွင့်အရေးမဟာမင်းကြီးတိုက်တွန်း
2020.06.30
ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဒေသခံတွေ အတိဒုက္ခရောက်နေကြသလို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေလည်း နေရပ်မပြန်နိုင်ဘဲ ဖြစ်နေရတဲ့အတွက် တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစိုးရက ကြိုးပမ်းနေပါတယ်လို့တုံ့ပြန်ခဲ့တာပါ။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာလုပ်တဲ့ ၄၄ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲ ဘတ်ရှလတ် (Michelle Bachelet) က မနေ့က တောင်းဆိုသွားတာပါ။
“မြန်မာနိုင်ငံထဲက တခြားဒေသတွေမှာ အပစ်ခတ်ရပ်စဲထားသလို ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာလည်း အပစ်ခတ် ရပ်စဲဖို့နဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာတွေကို ချက်ချင်း ရပ်ဖို့ တပ်မတော်ကို ကျမ တောင်းဆိုပါတယ်။”
ရခိုင်နဲ့ ချင်းပြည်နယ်က ဒေသခံအရပ်သားတွေဟာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) အကြား ဖြစ်နေတဲ့ တိုက်ပွဲဒဏ်ကို အကြီးအကျယ် ခံစားနေရပြီး၊ ရသေ့တောင်မြို့နယ် ကျောက်တန်းတဝိုက်မှာ “နယ်မြေ ရှင်းလင်းရေး” - ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ဘေးလွတ်ရာထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ အခုဆိုရင် ခန့်မှန်းချေ ၁ သောင်းထက်မနည်း ရှိနေပြီလို့လည်း မစ် ဘတ်ရှလတ် က ပြောခဲ့ပါတယ်။
မြန်မာအစိုးရအနေနဲ့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရတ်စ် (António Guterres) ရဲ့ ကမ္ဘာတဝှမ်း အပစ်ရပ်ဖို့ တောင်းဆိုချက်ကို လေးစားလိုက်နာဖို့နဲ့ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်လာနိုင်ဖို့ လုံခြုံရေး၊ ဥပဒေရေးရာတွေအရ အတားအဆီး ဖြစ်နေတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ကိုလည်း - မီရှဲ ဘတ်ရှလတ် က ပန်ကြားခဲ့တာပါ။
ICJ နိုင်ငံတကာတရားရုံးရဲ့ ကြားဖြတ်အမိန့်အရ - ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကျန်နေသေးတဲ့ သက်သေ အထောက်အထားတွေ မပျောက်ပျက်အောင် ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးတွေ အားလုံးရပ်ဖို့လည်း တိုက်တွန်းခဲ့တာပါ။
“ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ရမယ်။ အရပ်သားတွေကို ကာကွယ်ရမယ်။ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု သက်သေအထောက်အထားတွေကို ထိန်းသိမ်းရမယ်။”
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကတော့ COVID-19 ကပ်ရောဂါ အပါအဝင် မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပေမဲ့ ရခိုင်ပြည်နယ်မှာ တိုးတက်မှုတွေရဖို့ အစိုးရက ကြိုးပမ်းနေကြောင်း လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ တုံ့ပြန်သွားပါတယ်။
“စိန်ခေါ်မှုပေါင်းစုံနဲ့ ရင်ဆိုင်နေရပေမဲ့ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး မြန်မာအစိုးရက အစဉ်တစိုက် ကြိုးပမ်း အားထုတ်နေပါတယ်။ ရခိုင်ပြည်နယ်အရေးဟာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တွေထဲမှာ တစ်ခုသာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ARSA နဲ့ AA အဖွဲ့တွေရဲ့ အကြမ်းဖက် ခြိမ်းခြောက်မှု တွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဒီလိုလုံခြံုရေး ခြိမ်းခြောက်မှုတွေ ကြီးထွားလာနေပြီး၊ စိန်ခေါ်မှုပေါင်းစုံနဲ့ ရင်ဆိုင်နေရပေမဲ့ အစိုးရအနေနဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သဟဇတရှိရေးနဲ့ ရခိုင်ပြည်နယ် တိုးတက်ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေကိုလည်း အားသွန်ခွန်စိုက် ကြိုးပမ်းနေပါတယ်။”
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ဒေသခံတွေ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ အိုးအိမ်စွန့်ခွာရတဲ့ ပြဿနာတွေ ပေါ်ပေါက်လာနိုင်တာကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်အတိုင်း အပစ်အခတ် ရပ်စဲဖို့လည်း နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ၂၀ က အင်္ဂါနေ့မှာပဲ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာပါ။ ရခိုင်ပြည်နယ်မှာ တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေလုပ်ဖို့ ပြင်ဆင်နေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာလည်း နိုင်ငံတကာဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ Refugees International အဖွဲ့က ဒီလုပ်ရပ်ဟာ ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်မျိုးကို ပြန်လည်ထင်ဟပ်နေတယ်ဆိုပြီး သတိပေးခဲ့ပါတယ်။