ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် ဒေသခံတွေနဲ့ ဆွေးနွေး

မနေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိလာ တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ashok Nigam တို့ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ရခိုင်တိုင်းရင်းသားနဲ့ မူဆလင်ရိုဟင်ဂျာ နှစ်ဖက်စလုံးက ကိုယ်စားလှယ်တွေနဲ့ စစ်တွေဟိုတယ်မှာ ၁ နာရီကြာ သီးသန့်ဆွေးနွေးခဲ့ပါတယ်။

2013.02.12
un_special_rapporteur_disucss_rakhine_people_305.jpg ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တာနားနဲ့ အဖွဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေဟိုတယ်မှာ နှစ်ဖက်စလုံး က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့စဉ်
Photo: RFA/Min Thein Aung

အဲဒီ ဆွေးနွေးပွဲကို ရိုဟင်ဂျာမူဆလင် ကိုယ်စားလှယ်အဖြစ် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်မှာနေထိုင်တဲ့ ဗလီဆရာ ဦးဇေဂျာဘိုမောက် အပါအဝင် အောင်မင်္ဂလာ၊ သက်ကယ်ပြင်၊ ဒါးပိုင်၊ သဲချောင်း စတဲ့ကျေးရွာတွေက ရပ်မိရပ်ဖကိုယ်စားလှယ် ၁၀ ဦး၊ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ဦးသန်းထွန်း၊ ဦးသာပွင့် တို့ပါဝင်တဲ့ စစ်တွေမြို့က ရပ်မိရပ်ဖကိုယ်စားလှယ် ၁၀ ဦးစီတက်ရောက်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ စစ်တွေမြို့က မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသာပွင့်က RFA ကို အခုလို ပြောပါတယ်။

"ဘယ်လိုသင့်မြတ်ပြီး နေထိုင်ကြမလဲဆိုတာ စဉ်းစားကြပါ၊ ပြီးတော့ ဒီမှာဖြစ်တဲ့ပြဿနာကို ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတို့ကလည်း ခင်ဗျားတို့လူမျိုးတွေကို သင့်မြတ်အောင် လုပ်မပေးနိုင်ဘူးပေါ့။ ခင်ဗျားတို့အချင်းချင်းပဲ သင့်မြတ်အောင်နေနိုင်မယ့် နည်းလမ်းကိုရှာကြပါ။ အဓိကအချက်ကဒါပါပဲ"

အဲဒီလိုသီးသန့်တွေ့ဆုံဆွေးနွေးရာမှာ မစ္စတာကင်တားနားက လူ့အဖွဲ့အစည်း ၂ ခုကြား ရှေ့ဆက်ဘယ်လိုခရီးဆက်မလဲဆိုတာနဲ့ ပတ်သက်ပြီး နှစ်ဘက်အမြင်တွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မစ္စတာကင်တားနားနဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး စစ်တွေအကျဉ်းထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ ရခိုင်ပြည်နယ် ကုလသမဂ္ဂဝန်ထမ်းဟောင်း ဒေါက်တာထွန်းအောင် အပါအဝင် အခြားအကျဉ်းသား ၂ ဦးကို ဒီကနေ့ မနက်ပိုင်းက စစ်တွေအကျဉ်းထောင်ထဲမှာ ၃ နာရီကြာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။