ကုလအထူးကိုယ်စားလှယ် NUG နဲ့ပါ တရားဝင် ထိတွေ့ဆက်ဆံဖို့ အထူးအကြံပေးကောင်စီ ထုတ်ပြန်

2022.08.19
ကုလအထူးကိုယ်စားလှယ် NUG နဲ့ပါ တရားဝင် ထိတွေ့ဆက်ဆံဖို့ အထူးအကြံပေးကောင်စီ ထုတ်ပြန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က တွေ့ဆုံခဲ့ကြစဉ်
Photo: cincds

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်ထဲက လိုအပ်ချက် တစ်ခုဖြစ်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုခဲ့ပြီးတဲ့နောက် အမျိုးသား ညီညွတ်ရေး အစိုးရနဲ့လည်း အပြုသဘောဆောင်ပြီး တရားဝင်ဖြစ်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး ကောင်စီ SAC-M က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကုလ အထူးကိုယ်စားလှယ်ဟာ တာဝန်ပေးအပ်ခံရပြီး ကိုးလအကြာမှာ နေပြည်တော်ကို သွားရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခွင့်ရခဲ့တာကို အထူးအကြံပေးကောင်စီက ဝမ်းမြောက်ပေမယ့် လူသတ်မှု အမြောက်အမြားအတွက် တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်ရဲ့ သွေးစွန်းနေတဲ့ လက်ကို ဆွဲကိုင်နှုတ်ဆက်ခဲ့ရတာ အလွန်ဆိုးဝါးပါတယ်။ စစ်ခေါင်းဆောင် နဲ့ တွေ့ဆုံခဲ့တာဟာ အထူးကိုယ်စားလှယ် တစ်ဦးအနေနဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့် တာဝန်ကို ဖြည့်ဆည်းဖို့ လိုအပ်တဲ့ လုပ်ရပ်ဖြစ်ပေမယ့် ဒီအထဲက ဘာမှအရေးကြီးတဲ့ တိုးတက်မှု ဖြစ်မလာမှာ ထင်ရှားပါတယ်လို့ အထူးအကြံပေး ကောင်စီအဖွဲ့ဝင် မစ္စတာ ခရစ် စီဒိုစီက ကြေညာချက်ထဲမှာ ပြောထားပါတယ်။

အရင်က စေလွှတ်ခဲ့တဲ့ ကုလ အထူးကိုယ်စားလှယ်တွေဟာလည်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာ အပါအဝင် မြန်မာပြည်သူတွေအပေါ် ညှာတာဖို့ စစ်ခေါင်းဆောင်တွေကို တောင်းဆိုခဲ့ပေမယ့် မထူးခြားခဲ့တဲ့အကြောင်း မြန်မာ့အရေးမှာ ကြားဝင်ဆောင်ရွက်ဖို့ အာဆီယံ ဥက္ကဋ္ဌရဲ့ အထူးသံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း စစ်ခေါင်းဆောင်က မထီမဲ့မြင်ပြုတာ ခံခဲ့ရတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာအနေနဲ့ စစ်ခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်နဲ့ အကျင့်စရိုက်အမှန်ကို မေ့မထားသင့်တဲ့အကြောင်း၊ လက်ရှိ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ ၂၀၂၀ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ မြန်မာ ပြည်သူတွေ ရဲ့ ဆန္ဒအမှန်ကို အသိအမှတ်ပြုပြီး ဒီရွေးကောက်ပွဲ ရလဒ်တွေအရ ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရနဲ့ တရားဝင် ထိတွေ့ဆက်ဆံမှုတွေ လုပ်လာမယ်လို့လည်း မျှော်လင့်ပါကြောင်း အထူးအကြံပေးကောင်စီ အဖွဲ့ဝင် မစ္စ ယန်ဟီးလီက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။