ကချင်ပြည်နယ် လေကြောင်းတိုက်ခိုက်မှု အင်အားအလွန်အကျွံသုံးတဲ့လုပ်ရပ်အဖြစ် ကုလသမဂ္ဂဝေဖန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မနေ့ညက ဖြစ်ခဲ့တဲ့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သားတွေအပေါ် အလွန်အကျွံ အင်အားသုံး တိုက်ခိုက်ခဲ့ပုံရပြီး၊ လက်ခံနိုင်စရာ မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ပြောဆိုလိုက်ပါတယ်။
ဒီလုပ်ရပ်အတွက် ကျုးလွန်သူတွေ တာဝန်ခံမှု ရှိရမှာ ဖြစ်ကြောင်းလည်း တနင်္လာနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၂ နှစ်မြောက် နှစ်ပတ်လည် ဂီတဖျော်ဖြေပွဲကို KIA ထိန်းချုပ်ရာ တပ်မဟာ ၉ နယ်မြေရှိရာ ဖားကန့်မြို့နယ်မှာ ကျင်းပနေချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ သတင်းထွက်ပေါ်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
တိုက်ခိုက်မှုကြောင့် ကချင်တိုင်းရင်းသား အနုပညာရှင် တချို့အပါအဝင် လူပေါင်းဒါဇင်နဲ့ချီ သေဆုံးကြောင်း ဒေသခံတွေနဲ့ KIO တာဝန်ရှိသူတွေက ပြောဆိုထားကြတာပါ။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာလည်း အစောပိုင်း သတင်းတွေအရ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ဝဝ ကျော် ထိမှန်ပြီး၊ အများအပြား သေဆုံးခဲ့တယ်လို့ သတင်းရရှိထားကြောင်း ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ အသေးစိတ်တွေကို ကုလသမဂ္ဂက ဆက်လက်စိစစ်နေတဲ့ တစ်ချိန်တည်းမှာပဲ ထိခိုက်သေဆုံးရသူတွေရဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေကိုလည်း အထူးဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရသူတွေ ဆေးကုသခွင့်ရရှိဖို့ကိုလည်း ကုလသမဂ္ဂ က တောင်းဆိုထားပါတယ်။