နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှု ကုလ အထူးကိုယ်စားလှယ် ကြိုဆို
2016.04.12

မြန်မာနိုင်ငံမှာ NLD အစိုးရသစ်က နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့တဲ့အပေါ် ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ကြိုဆိုလိုက်ပြီး၊ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထပ်မံလွှတ်ပေးဖို့ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတိပြု ပြောကြား ခဲ့တဲ့အပေါ် ချီးကျူးဂုဏ်ပြုကြောင်း ဧပြီလ ၁၂ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
အခုလို နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာခဲ့တာဟာ မြန်မာနိုင်ငံအတွက် အလွန်ထူးခြားတဲ့အခါ သမယဖြစ်ပြီး၊ မြန်မာနိုင်ငံ ဒီမိုရေစီအသွင်ကူးပြောင်းမှု ပိုမိုခရီးရောက်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် အခြေခံကျတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။
လွတ်လပ်စွာ ပြောဆိုဖော်ပြခွင့်၊ စုရုံးလှည့်လည်ခွင့်တွေဟာ လူ့အခြေခံအခွင့်အရေးတွေ ဖြစ်တဲ့အတိုင်း၊ မူလ ကတည်းက ဖမ်းဆီးအကျဉ်းချ မခံထိုက်ခဲ့သူတွေ အခုလို လွတ်မြောက်လာခဲ့ပြီး၊ မိသားစုတွေနဲ့ ပျော်ပျော် ရွှင်ရွှင် ပြန်လည်ဆုံဆည်းခဲ့ကြတာကို မြင်တွေ့ရတဲ့အပေါ် အထူးသဖြင့် မုဒိတာ ပွားရပါတယ်၊ မနှစ်က အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးက အကျဉ်းချခံထားရသူတွေ အမျိုးသား အမျိုးသမီးတွေ ဟာ မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာအောင် ကူညီနေကြသူတွေဖြစ် ကြကြောင်း ပြောဆိုခဲ့ပါတယ်။ အခုတော့ တိုင်းပြည်မှာ အသွင်ကူးပြောင်းရေးတွေ ဆက်လက်ပေါ်ထွန်း ဖို့ ဆောင်ရွက်ခွင့်ရှိတဲ့အတိုင်း သူတို့ကျရာအခန်းက ပါဝင်နိုင်ကြပြီဖြစ်ပါတယ်၊ ဒီနှစ် နှစ်သစ်ကူးသြင်္ကန်ဟာ အထိမ်းအမှတ်ဆင်နွှဲစရာတွေ အများအပြားကို ဆောင်ယူလာခဲ့သလို၊ နောက်လာမယ့် သြင်္ကန်တွေဟာလည်း လွတ်လပ်တဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံတော်က ပြည်သူတွေအတွက် အလားတူ အောင်ပွဲတွေ ဆောင်ကြဉ်း လာမယ်ဆိုတာ မျှော်လင့်နေပါတယ်လို့ မစ္စ ယန်ဟီးလီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။