ကုလ အထူးကိုယ်စားလှယ် ရခိုင်ခရီးစဉ်မှာ အသိုင်းအဝိုင်းနှစ်ရပ်လုံးနဲ့ တွေ့ဆုံခဲ့

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambiar ဟာ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေရာရွှေ့ပြောင်းခဲ့ရသူတွေ နဲ့ တွေ့ဆုံခဲ့ပြီး၊ လူ့အသိုင်းအဝိုင်းနှစ်ရပ် ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ပြေလည်အောင် ကိုင်တွယ်ဖြေရှင်းရေးနဲ့ ပတ်သက်လို့ အစိုးရအာဏာပိုင်တွေ နဲ့ ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပါတယ်။

2012.12.20
nambiar_UN_305px.jpg ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း(ယာ)နဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယား (ဝဲ) တို့ကို အစည်းအဝေးတခုတွင် တွေ့ရစဉ်
Photo: UN Photo/Eskinder Debebe

ပြီးခဲ့တဲ့ ဇွန်လကစတင်ခဲ့တဲ့ ရခိုင်ဗုဒ္ဓဘာသာတွေနဲ့ မူစလင်ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေမှာ လူ (၁ဝဝ) ကျော်သေဆုံးခဲ့ပြီး၊ လူတစ်သိန်းကျော် မူလနေထိုင်ရာဒေသတွေကနေ ရွှေ့ပြောင်းခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။

မစ္စတာ Vijay Nambiar ဟာ အစိုးရဲ့ ဖိတ်ကြားလျက်အရ ဒီဇင်ဘာ (၁၆)၇က်နေ့ကစပြီး လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့အတူ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တာပါ။

ဒီခရီးစဉ်မှာ မစ္စတာ Nambiar အနေနဲ့ လူ့အသိုင်းအဝိုင်းနှစ်ရပ်လုံးက နေရာရွှေ့ပြောင်းရသူတွေရဲ့ လက်ရှိအခြေအနေတွေကို တွေ့မြင်သိရှိခဲ့ရကြောင်း၊ နှစ်ဘက်ကိုယ်စားလှယ်တွေနဲ့အတူတကွရော၊ သီးခြားစီပါ တွေ့ဆုံဆွေးနွေးနိုင်အောင်ဝန်ကြီး ဦးခင်ရီ က စီစဉ်ပေးခဲ့တဲ့အပြင်၊ နှစ်ဘက်အသိုင်းအဝိုင်းမှာရှိနေတဲ့ ပြဿနာတွေဖြေရှင်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်စရာ နည်းလမ်းတချို့ကို တင်ပြခဲ့ကြောင်း၊ အဲဒီတင်ပြချက်တွေဟာ အမြော်အမြင်ရှိပြီး၊ လက်တွေ့ကျကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့လက သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဆီကို စာတစ်စောင် ရေးသားပေးပို့ခဲ့ရာမှာ- ရခိုင်ပြည်နယ်အရေး နဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ရာနိုင်ငံရေး ရှုထောင့်တွေ ရှိနေ ပေမဲ့၊  ပြဿနာတွေ ဖြေရှင်းဖို့ မိမိတို့အစိုးရအနေနဲ့ပြင်ဆင်ထားကြောင်း၊ ပြန်လည်နေရာချရေး၊ နိုင်ငံသား စိစစ်ရေး အပါအဝင် မွေးစာရင်း၊ အလုပ်လုပ်ခွင့်၊တိုင်းပြည်အတွင်းသွားလာခွင့် စတဲ့ ကိစ္စတွေကိုလည်း ပြည်တွင်းစံနှုန်း၊ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လူသားချင်းစာနာကူညီ ထောက်ပံ့ရေးဆိုင်ရာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံဆောင်ရွက်ဖို့ ပိုင်းဖြတ်ထားကြောင်းတွေပါဝင်တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယား ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ခရီးစဉ် အပါအဝင် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လက်ရှိ အမေရိကန်ပြည်ထောင်စု ယူတီကာမြို့မှာနေထိုင်သူ ရခိုင်ပြည်နယ် ဇာတိ မူစလင်တဦးဖြစ်တဲ့ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင်ဟောင်း ဦးဌေးလွင်ကို ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။