စစ်မှု မထမ်းမနေရ ဥပဒေကို လူ့ဘောင်သစ်ပါတီကန့်ကွက်
2011.01.13

ပြည်သူ့ စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ ဥပဒေတွေဟာ ပြည်သူ့အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်သလို့။ စစ်မှုထမ်း တပ်မတော်သားများရဲ့ အခွင့်အရေးကိုလည်း ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုပါတယ်။ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ အတွင်းရေးမှူး ဦးခင်မောင်တင့်က အခုလို ပြောပါတယ်။
“ပြည်သူ့ စစ်မှုထမ်း ဥပဒေနဲ့ အရန်တပ်ဖွဲ့ ဥပဒေ ဆိုတာက ကျွန်တော်တို့ တိုင်းပြည်မှာ ရှိတဲ့ ပြည်သူတွေနဲ့ တပ်မတော်သားတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးနဲ့ အခြေခံ အခွင့်အရေးတွေကို ချိုးဖောက်တဲ့ ဥပဒေ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ ဆန့်ကျင်ကန့်ကွက်ရတာ ဖြစ်ပါတယ်။ ဥပဒေတွေ ပြဋ္ဌာန်းတဲ့ ပြဋ္ဌာန်းပုံ ပြဋ္ဌာန်းနည်းကလည်း မဟုတ်ဖူး။ သူတို့တတွေ သတ်မှတ်ထားတဲ့ ဒီ ဖွဲ့စည်းပုံအရ ပြောမယ်ဆိုရင်တောင်မှ လွှတ်တော်တွေ ပါလီမန်တွေမှာ မူကြမ်းတွေကို တင်သွင်းပြီးတော့မှ အဲဒီမှာ ဆွေးနွေးမဲခွဲ အတည်ပြု ဆုံးဖြတ်ရမှာ ဖြစ်တယ်။”
“ဒီလုပ်ရပ်ကို မလုပ်ပဲနဲ့ စစ်အစိုးရက အပိုင်ချည်နှောင်ပြီးတော့ ဒီ ဥပဒေတွေကို ပြဋ္ဌာန်းလိုက်တာ ဖြစ်တယ်။ ဒါကြောင့် ဒီဥပဒေက ဥပဒေအဖြစ်ကို ပြဋ္ဌာန်းလိုက်တာ။ ဒါကို နောင် တက်လာတဲ့ အစိုးရက မပယ်မဖျက်မချင်း အတည်ဖြစ်မယ်ဆိုတဲ့ အခြေခံအချက်တွေနဲ့ သူတို့ လက်ဦးမှုရှိရှိ လုပ်ထားတာ ဖြစ်ပါတယ်။ စစ်တပ်ကိုဗျာ တရားဝင် အင်အား စုဆောင်းခွင့် ရအောင် လုပ်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။”
တိုင်းပြည်အတွက် အရေးကြီးတဲ့ ဥပဒေမျိုးကို စစ်မှန်တဲ့ ပြည်သူ့လွှတ်တော် တရပ်ကနေ ချမှတ်ရမဲ့ အစား နအဖက လက်ဦးမှုယူ ပြုလုပ်တာမျိုး လက်မခံနိုင်ကြောင်း၊ စစ်အစိုးရက လိုရင်လိုသလို စစ်သား စုဆောင်းနိုင်အောင်နဲ့ ပေါ်တာဆွဲနိုင်အောင် ပြဋ္ဌာန်းတဲ့ ဥပဒေဖြစ်ကြောင်းကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တဆက်တည်းမှာပဲ မြန်မာပြည်သူတွေကို စစ်ကျွန်ဇာတ်သွင်းဖို့ ပြင်ဆင်ထားတဲ့ စစ်အစိုးရရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ကန့်ကွက်ကြောင်း ၂၀၀၇ ခုနှစ် မျိုးဆက်သစ် ကျောင်းသားများ သမဂ္ဂကလည်း ဒီကနေ့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်ပါတယ်။
စစ်အစိုးရက လိုရင်လိုသလို အသုံးပြုနိုင်အောင် ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်း ဥပဒေဟာ မြန်မာပြည်က လူငယ်ထုတရပ်လုံးကို ငြိမ်းခြောက်လိုက်တာပဲ ဖြစ်ကြောင်း ၂၀၀၇ ခုနှစ် မျိုးဆက်သစ် ကျောင်သား သမဂ္ဂ ခေါင်းဆောင်တဦး ဖြစ်တဲ့ မခင်သက်ထားဝေက အခုလိုပြောပါတယ်။
“ဒီ လွှတ်တော် ခေါ်ယူခြင်း မရှိပဲ၊ အစိုးရသစ် ဖွဲ့စည်းနိုင်ခြင်း မရှိသေးပဲနဲ့တော့ ဒီ ဥပဒေ ပြဋ္ဌာန်းပိုင်ခွင့် မရှိပါဘူးပေါ့နော်။ စစ်မှုထမ်းတယ် ဆိုတာကလည်း ဒီ လူတိုင်းလူတိုင်း ဒါ ကိုယ့်သဘော ဆန္ဒနဲ့သာ လုပ်ပိုင်ခွင့် ရှိပါတယ်။ ပြည်သူတွေရဲ့ သဘောဆန္ဒတွေကို လျစ်လျူရှုပြီးတော့ ဒီ ဥပဒေ ထုတ်ခိုင်းစေတာကတော့ အဓိပ္ပာယ် မရှိဘူးပေါ့နော်။ ဒါကတော့ တတိုင်းပြည်လုံးကို စစ်ကျွန်အဖြစ် တရားဝင် သွတ်သွင်းနေတာလို့ပဲ ထင်ပါတယ်။”
စစ်မှုထမ်းတာဟာ နိုင်ငံသားတဦးချင်းရဲ့ ဆန္ဒအလျောက်သာ ဖြစ်သင့်ကြောင်း၊ စစ်မှုထမ်း ဥပဒေကို လည်း စစ်အစိုးရက ပြဋ္ဌာန်းခွင့် မရှိပဲ စစ်မှန်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေကသာ မဲခွဲ ချမှတ်သင့်ကြောင်း၊ ဒါကြောင့် ၂၀၀၇ မျိုးဆက်သစ် ကျောင်းသားတွေအနေနဲ့ စစ်အစိုးရရဲ့ စစ်မှုထမ်း ဥပဒေကို ကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် လူငယ်ထုနဲ့ ပြည်သူတရပ်လုံးကလည်း ဝိုင်းဝန်း ဆန့်ကျင်သွားဖို့ကိုလည်း သူတို့ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။