ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ဒုက္ခသည် ပြန်ပို့ရေးကိစ္စ UNFC နဲ့ UNHCR တာဝန်ရှိသူတွေ ဆွေးနွေး
2013.07.18
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စတွေနဲ့ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်ပြန်ပို့ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး UNFC ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီက ခေါင်းဆောင်တွေကို ဒီကနေ့ ဗြိတိန်နိုင်ငံက ပညာရှင်တချို့နဲ့ UNHCR က တာဝန်ရှိသူတွေ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲရဲ့ ဖောင်ဒေးရှင်းအဖွဲ့ထဲက စေ့စပ်ဖြန်ဖြေရေးနဲ့ တွေ့ဆုံညှိနှိုင်းရေး ကျွမ်းကျင်သူပညာရှင်တွေ UNFC ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့ UNFC အတွင်းရေးမှူး ၁ ဦးခွန်ဥက္ကာက ပြောပါတယ်။
"Intermediate ဆိုတဲ့ အင်္ဂလိပ် NGO က ခေါင်းဆောင်တွေပေါ့၊ အိပ်စ်စဲကတစ် ဒါရိုက်တာ မစ္စတာ ဂျွန်နသန် ပါဝယ်လ် ဆိုတာ သူကဦးဆောင်လာတာ၊ သူတို့က စေ့စပ်ဖြန်ဖြေရေး တွေ့ဆုံညှိနှိုင်းရေးမှာ အိပ်စပတ်တွေပေါ့ အဓိကတော့ ကျနော်တို့ ရှေ့သွားမယ့်ဆွေးနွေးပွဲနဲ့ သက်ဆိုင်တဲ့ Road Map ပေါ့၊ သူတို့အကြံပေးတာနဲ့ ကျနော်တို့လုပ်ချင်တာနဲ့ အဲ့ဒါညှိပေးတာ၊ တစ်ပြည်လုံးအတိုင်းအတာလုပ်မယ်ဆိုရင် ဘာကွန်ဒေးရှင်းတွေလိုသလဲ၊ ဘာညာ ကျနော်တို့ တင်ပြတာပဲ ညှိနှိုင်းကြတာ"
တဆက်တည်းမှာပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထိုင်းနိုင်ငံဆိုင်ရာတာဝန်ခံ Ms. Mireille Girard နဲ့ UNFC ခေါင်းဆောင်တွေဟာ ညနေပိုင်းမှာ နယ်စပ်ဒေသ ဒုက္ခသည်ပြန်ပို့ရေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဦးခွန်ဥက္ကာက ဆက်ပြောပါတယ်။
"သူက အဓိကပြောတာတော့ သူတို့ဒုက္ခသည်တွေ ပြန်ပို့ရေးမှာ အရမ်းမလုပ်ဘူးပေါ့ဗျာ၊ မပို့သေးဘူးပေါ့၊ နိုင်ငံရေး သဘောတူညီချက်တွေ ချောမောပြီးတဲ့အပြင် ထိုင်းရယ် UNHCR ရယ် ဗမာအစိုးရရယ် သုံးပွင့်ဆိုင် လက်မှတ်ထိုးပြီးတော့မှ လူတွေ ပြန်ပို့သင့်ရင်ပို့မယ်၊ သူတို့လုပ်နေတဲ့ လိုင်းနဲ့ နယ်စပ်ဒေသမှာရရှိထားတဲ့ နောက်ဆုံးသတင်း နောက်ကျနော်တို့ UNFC ရဲ့ တပ်ပေါင်းစုရဲ့ အမြင်သဘောထားကို သိချင်တာ၊ တပ်ပေါင်းစု အမြင်သဘောထားကတော့ ဒါနိုင်ငံရေး ပြသနာရဲ့ ကွင်းဆက်ဖြစ်တော့ နိုင်ငံရေး ပြသနာရှင်းပြီး ပေါ်လတီကယ် အီဗော်လူးရှင်းရပြီးတဲ့အခါမှ တည်တည်ငြိမ်ငြိမ်ဖြစ်မှ သွားကြတာကောင်းတယ်လို့ ပြောလိုက်တယ်"
UNFC ခေါင်းဆောင်တွေနဲ့ အခုလို တွေ့ဆုံဆွေးနွေးရတာဟာလည်း လက်ရှိနယ်စပ်ဒေသတွေမှာ ဒုက္ခသည်ပြန်ပို့ရေးကိစ္စနဲ့ ပတ်သက်ပြီး တချို့အဖွဲ့အစည်းတွေက စမ်းသပ်ပြန်ပို့တာတွေရှိသလို မိမိသဘောနဲ့ ပြန်ကြတာတွေ ဖြစ်နေတဲ့အတွက် ရှင်းရှင်းလင်းလင်းသိရှိနိုင်ဖို့ လာရောက်ဆွေးနွေးတာ ဖြစ်တယ်လို့လည်း သိရပါတယ်။