ဒုတိယအကြိမ် ၂၁ ပင်လုံကို UNFC တက်ရောက်မှာ မဟုတ်
2017.05.23

မနက်ဖြန် မေလ ၂၄ ရက်နေ့မှာ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေအနေနဲ့ တက်ရောက်မှာ မဟုတ်သလို နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့အနေနဲ့လည်း တက်ရောက်မှာ မဟုတ်ဘူးလို့ ဒီကနေ့ ပြီးဆုံးသွားတဲ့ UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့အစည်း အဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့ပါဝင် ဖွဲ့စည်းထားတဲ့ UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့အစည်းအဝေးရဲ့ ဆုံးဖြတ်ချက် တွေနဲ့ ပတ်သက်ပြီး UNFC ဒုဥက္ကဌ နိုင်ဟံသာ က အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောဆို ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးအဖွဲ့ကနေပြီး UNFC အဖွဲ့ဝင် အဖွဲ့စည်းတွေကို ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်အစည်းအဝေး တက်ရောက်ဖို့အတွက် အထူးဖိတ်ကြားသူအနေနဲ့ မေလ ၁၉ ရက်နေ့က ဖိတ်ကြား ခဲ့တာဖြစ်သလို နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN ကိုလည်း သီးခြားဖိတ်ကြားထားခဲ့ တာဖြစ်ပြီး ဒီကနေ့ အစည်းအဝေးကနေ မတက်ရောက်နိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
UNFC အဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့ဟာ ဧပြီလ ၂၈ ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဆုံခဲ့ချိန်မှာ ကတိကဝတ်စာချူပ် DOC လက်မှတ်ရေးထိုးပြီး ၂၁ ရာစုပင်လုံ အစည်း အဝေးတက်ရောက်ဖို့ အစိုးရဘက်က အဆိုပြုခဲ့သလို မေလ ၁၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး မှာ ဦးသိန်းဇော်၊ ဦးအောင်ကြည် ဦးဆောင်တဲ့အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌ နိုင်ထော်မွန် ဦးဆောင်တဲ့ အဖွဲ့တို့ တွေ့ဆုံခဲ့ပြီး အစိုးရဘက်က DOC လက်မှတ်ရေးထိုးပြီး ၂၁ ပင်လုံအစည်းအဝေး တက်ရောက်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။
ကျင်းပပြီးစီးသွားတဲ့ UNFC အစည်းအဝေးမှာ အစိုးရနဲ့ ဆက်လက်ဆွေးနွေးသွားမည့် NCA နောက်ဆက်တွဲ အချက် ၉ ချက်ကို ပြန်လည်ဆွေးနွေးသုံးသပ်ခဲ့ကြပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ ဒုတိယအကြိမ် ညီလာခံ ကျင်းပမည့်ရက်ကိုတော့ လာမည့် ဇွန်လ ၂၀ ရက်နေ့မှာ ကျင်းပဖို့ ဆုံးဖြတ် ခဲ့ကြသလို အဲဒီအစည်းအဝေးနဲ့ တဆက်တည်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအားလုံး ပါဝင်တဲ့ EAOs အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပသွားနိုင်ဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒီအစည်းအဝေးကို UNFC အဖွဲ့ကနေ နုတ်ထွက်စာတင်ထားတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ကိုယ်စား လှယ်တွေ တက်ရောက်ခဲ့တာ ရှိပေမယ့် ဝ အမျိုးသားအဖွဲ့ချူပ် WNO အဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်တာ မရှိခဲ့ပါဘူး။
ဒီကနေ့ပြီးဆုံးသွားတဲ့ UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့အစည်းအဝေးအပြီးမှာ တော့ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး မတက်ရောက်တာနဲ့ ပတ်သက်ပြီး တန်းတူရည်တူ ပါဝင်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့် မရှိတဲ့ အထူးဖိတ်ကြားသူ အဆင့်အနေအထားကို UNFC အနေနဲ့ တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ကြေ ညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့ နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရခိုင်အမျိုးသား လွတ်မြောက်ရေးကောင်စီ ANC၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU နဲ့ ဝ အမျိုးသား အဖွဲ့ချုပ် WNO အဖွဲ့တွေ ပါဝင်ပြီး ၂၀၁၀ ခုနှစ် နိုဝင် ဘာလမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။