UNGPs ရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ အရပ်ဘက်အဖွဲ့တွေ တိုက်တွန်း
2017.12.07

မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးပိုင်းမှာ United Nation Guiding Principles (UNGPs ) ရဲ့ ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ပြီး အမြန်ဆုံးလုပ်ဆောင်သင့်တယ်လို့ သုတေသန လုပ်ဆောင်နေသူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။
ရန်ကုန်မြို့၊ ကျိုက်ဝိုင်းဘုရားလမ်းမှာရှိတဲ့ Wyne Hotel မှာ ဒီကနေ့ပြုလုပ်တဲ့ ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ လမ်းညွှန်ချက်နဲ့အညီ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်အပေါ် လေ့လာဆန်းစစ်ထားတဲ့ အစီရင်ခံစာထုတ်ပြန်တဲ့ပွဲမှာ အရပ်ဘက်အဖွဲ့တွေက တိုက်တွန်းခဲ့ တာပါ။
မြန်မာနိုင်ငံ အစိုးရအနေနဲ့လည်း UNGPs ရဲ့လမ်းညွှန်ချက်တွေကို နိုင်ငံတော်အဆင့်အဖြစ် လိုက်ပါလုပ်ဆောင် သင့်တယ်လို့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ MATA ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ကိုအောင်ဖြိုးကျော် က ပြောပါတယ်။
"UNGPs ရဲ့ မာန်တိုင်သုံးရပ်အပေါ် အခြေခံပြီးတော့ လုပ်ငန်းအကောင်အထည်ဖော်မယ်၊ အမျိုးသားအဆင့် လုပ်ငန်းအစီအစဉ်တွေ UNGPs လုပ်ငန်းအစီအစဉ်တွေကို လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတော်အနေနဲ့ လူ့အခွင့်အရေးကို ကာကွယ်ရမယ်၊ လုပ်ငန်းရှင်တွေအနေနဲ့ လူ့အခွင့်အရေးကို လေးစားရမယ်၊ လူထုအနေနဲ့လည်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ကုစားမှုကို လွယ်လင့်တကူရရမယ် ဆိုပြီးတော့ အချက်တွေပါတဲ့အတွက် မြန်မာနိုင်ငံမှာ လုပ်ဆောင်သင့်တယ်လို့ထင်ပါတယ်"
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေဟာ နေရာတိုင်းမှာများစွာရှိပြီး အဲဒီလိုချိုးဖောက်ခံရမှုတွေ မဖြစ်အောင် လုပ်ဆောင်ရမယ့် အချက်အလက်တွေကိုလည်း သုတေသနပညာရှင်တွေက အကြံပြုချက်များ ထုတ်ပြန်ပေးခဲ့ကြပါတယ်။
UNGPs ရဲ့ လမ်းညွှန်ချက်တွေကတော့ နိုင်ငံတော်အနေနဲ့ လူ့အခွင့်အရေးကိုကာကွယ်ရမယ်၊ လုပ်ငန်းရှင်တွေ အနေနဲ့ လူ့အခွင့်အရေးကို လေးစားရမယ်၊ ပြည်သူတွေအနေနဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကနေ လွယ်လင့်တကူ ကုစားမှုရရှိရမယ်ဆိုတဲ့ အချက် ၃ ချက်ဖြစ်ပါတယ်။
လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ နိုင်ငံတကာက ရင်းနှီးမြုပ်နှံမယ့် လုပ်ငန်းရှင်းကြီးတွေကလည်း မြန်မာနိုင်ငံကိုလာရောက်ဖို့ ကြောက်ရွံ့နေကြတယ်လို့ သုတေသနလုပ်နေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်နဲ့အညီ နိုင်ငံတော်အဆင့် သတ်မှတ်လုပ်ဆောင်မယ်လို့ သဘောတူထားတာတွေရှိပေမယ့် အခုအချိန်ထိ စတင်အကောင်အထည်ဖော်တာမျိုးတွေ မရှိသေးပါဘူး။
ဒါ့အပြင် ၂၀၁၆ ခုနှစ်မှာ စက်တင်ဘာလမှာ အရပ်ဘက်အဖွဲ့တွေနဲ့ သုတေသနပညာရှင်တွေ တွေ့ဆုံပြီး လက်ရှိအစိုးရကို တိုက်တွန်းတင်ပြထားပေမယ့် အခုအချိန်အထိ ဘာမှလုပ်ဆောင်တာမရှိသေးလို့ အခုလို ထပ်မံတိုက်တွန်းရတာဖြစ်တယ်လို့ သိရပါတယ်။