ပြည်ထောင်စု တပ်မတော်ဖွ့ဲဖို့ တိုင်းရင်းသားတွေ အကြံပြု
2013.09.22

တပ်မတော်ကို တိုင်းရင်းသားတွေပါဝင်တဲ့ ပြည်ထောင် စု တပ်မတော်အဖြစ် ဖွ့ဲစည်းပြီး နိုင်ငံတော်သမ္မတရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိဖို့လိုအပ်တယ်လို့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ( RCSS/SSA)မှ ဗိုလ်မှူးချုပ်စိုင်းပေါင်ခေးက ဒီကနေ့ ပြောကြားလိုက် ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ(ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်)ရဲ့ ဒုတိယမြောက်နေ့မှာ အခုလို ပြောကြားခဲ့တာပါ။
ဒီကနေ့ဆွေးနွေးပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ဝ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော်(UWSA)၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အပါအဝင် အဖွဲ့အစည်း ၁၇ ဖွဲ့က ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။