မြန်မာအစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှု အမေရိကန် သက်တမ်းတိုး
2011.05.17

AFP
မြန်မာအစိုးရရဲ့ မူဝါဒနဲ့ လုပ်ဆောင်ချက်တွေဟာ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေဆဲ ဖြစ်တဲ့အတွက် ပိတ်ဆို့အရေးယူမှုကို ဆက်လက် ထားရှိမှာ ဖြစ်ကြောင်း၊ အမေရိကန် အောက်လွှတ်တော်ကို ပေးပို့တဲ့ သမတရဲ့အမိန့်စာမှာ ဖော်ပြထားပါတယ်။
အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေကို အကြီးအကျယ် ဖိနှိပ်နေတဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်တွေကြောင့် စီးပွားရေးပိတ်ဆို့မှုတွေ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုကို တနှစ်တကြိမ် သက်တမ်းတိုးမြင့်ခဲ့ရာမှာ လာမယ့် မေလ ၂ဝ ရက်နေ့၊ တနှစ်သက်တမ်း ကုန်ဆုံးခါနီး အချိန်မှာ သမတ အိုဘားမားက အခုလို နောက်ထပ်တနှစ် တိုးမြင့်လိုက်တာပါ။
အမေရိကန်အစိုးရဟာ ၂ဝဝ၉ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံတဲ့ နည်းလမ်းကို ပြောင်းလဲ ကျင့်သုံးခဲ့ပါတယ်။ ဒါပေမယ့် စစ်အစိုးရနဲ့ ဆွေးနွေးပွဲ ရလဒ်တွေနဲ့ ပတ်သက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်ရကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ အာရှနိုင်ငံတချို့ရဲ့ တောင်းဆိုချက်ကိုလည်း အမေရိကန်အစိုးရက ပယ်ချခဲ့ပါတယ်။