ဦးပြုံးချို အပါအဝင် ၅ ဦးကို အဂတိ လိုက်စားမှုနဲ့ ရုံးထုတ်


2017.08.21
upyonecho-court-622.jpg ကရင်ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးပြုံးချို အပါအဝင် ၅ ဦးကို သြဂုတ်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးမှာ ရုံးထုတ်လာစဉ်
Photo: Htet Arker/ RFA

ကျပ်သိန်းထောင်ချီ အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ ကရင်ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးပြုံးချို အပါအဝင် ၅ ဦးကို ဒီနေ့ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

ဝရမ်းပြေးအဖြစ် ကြေညာခံထားရတဲ့ အဂတိလိုက်စားမှုမှာပါဝင်ခဲ့တဲ့ မော်လိုက်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးကျော်ရဲသွေး ကို ဖမ်းဆီးရမိခြင်းမရှိသေးတာကြောင့် သူ့မျက်ကွယ်မှာ ကျန်တဲ့လူ ၅ ဦးကို ဆက်လက်စစ်ဆေးသွားမှာဖြစ်တယ်လို့ ဖမ်းဆီးခံထားရသူ ၅ ဦးထဲက ၂ ဦး ရဲ့ ရှေ့နေ ဦးချစ်ကိုကို က ပြောပါတယ်။

"ဥပဒေရဲ့ သဘောအရ သူ့မျက်ကွယ်မှာ အမှုစစ်လို့မရဘူး၊ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ အပြေးအဖြစ်နဲ့ ကြေညာရမယ်၊ လက်လှမ်းမီတဲ့နေရာကို ရှာမယ်ဖွေမယ်၊ ဖမ်းမယ်၊ မရှိဘူးဆိုရင်တော့ တရားရုံးမှာ ဝရမ်းပြန်သွင်းရတယ်၊ ပြည့်စုံလုံလောက်သွားပြီဆိုရင် ဥပဒေလုပ်ထုံးလုပ်နည်းအရပဲ၊ သူ့မျက်ကွယ်မှာ အမှုစစ်ဆေးမယ်"

အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးခံထားရသူ ၅ ဦးက ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချို၊ ပြည်ထဲရေး ဝန်ကြီးဌာနက ဒုတိယရဲမှူးကြီး ကျော်ဇေယျ၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးထွန်း၊ စစ်ကိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနိုင်၊ မြေရှင်ရဲ့ ကိုယ်စားလှယ် ဦးမျိုးခိုင် တို့ဖြစ်ပါတယ်။

တရားစွဲဆိုခံထားရသူ ၅ ဦးဟာ နိုင်ငံတော်က ပြန်လည်လွှဲပြောင်းပေးအပ်ထားတဲ့ ရန်ကုန်မြို့က စက်မှုဝန်ကြီး ဌာနအမည်ပေါက် မြေကိစ္စနဲ့ပတ်သက်ပြီး နစ်နာသူတွေက ပြည်ထဲရေးဝန်ကြီးဌာနထံ တိုင်ကြားရာမှာ ပြည်ထဲရေး ဝန်ကြီးဌာနက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီကို လွှဲပြောင်းပေးခဲ့တဲ့အမှုဖြစ်ပါတယ်။

အဲဒီအမှုကို လာမယ့် စက်တင်ဘာလ ၄ ရက်နေ့မှာ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးမှာ စတင် စစ်ဆေးတော့ မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။