အစိုးရတပ် လူ့အခွင့်အရေးချိုးဖေါက်မှု အစီရင်ခံစာ URG အဖွဲ့ ထုတ်ပြန်


2015.11.02
govt-army-620.jpg ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများဆုံး ကျူးလွန်နေတယ်လို့ ကချင်ပြည်နယ် အခြေစိုက် United Rights Group (URG) အဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ Orchid Hotel မှာ ကျင်းပတဲ့ URG အဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည် နယ် မြောက်ပိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၁၅၃ခုကို ပြုစုထားတဲ့စာရင်းတွေအရ တပ်မတော် ဟာ ဒေသခံတွေကို အကြောင်းအရင်းခိုင်လုံမှုမရှိဘဲ ဖမ်းဆီးမှုက အများဆုံးဖြစ်တယ်ဆိုတာကို တေ့ွရှိရတယ်လို့ URG အဖွဲ့ ခေါင်းဆောင် ဦးမုန်ဒန်က ပြောပါတယ်။

"တပ်မတော်ဘက်က ကျူးလွန်တဲ့ဟာတွေ သူနဲ့သက်ဆိုင်တယ်လို့ထင်တဲ့ ချိုးဖောက်မှုတွေကို တင်ပြထားပါတယ်၊ အဖြစ်များဆုံးတွေ့ရတာက လက်လွတ်စပယ်ဖမ်းဆီးတာပါ၊ မသင်္ကာမှုနဲ့ဖမ်းတာ အရမ်းများတယ် ဥပမာ ကချင်၊ ရှမ်း ဒါမှမဟုတ်  အဲ့ဒေသကလူတွေဟာဆိုရင် တစ်နည်းတစ်ဖုံအားဖြင့် လက်နက်ကိုင်အင်အားစုနဲ့ ဆက်နွယ်ပါတယ်ဆိုပြီး ဖမ်းဆီးတဲ့အမှုက တော်တော်လေးများတယ်"

URG အဖွဲ့ဟာ ပြီးခဲ့တဲ့၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အခြေခံပြီး အစီအရင်ခံစာထုတ်ပြန်တာဖြစ်ပြီး အဲဒီလိုလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရွေးကောက်ပွဲ အပြီး ပေါ်ထွက်လာမယ့် အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့လည်း တောင်းဆိုထားပါတယ်။

United Rights Group (URG) အဖွဲ့ဟာ လူမှုအဖွဲ့အစည်း ၄ ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး URG အဖွဲ့ဝင်တဦးဖြစ်တဲ့ Humanity Institute ရဲ့ဒါရိုက်တာ ဦးမုန်ဒန်ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။

ရှမ်းပြည်နယ်ထဲမှာ အစိုးရစစ်တပ်နဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP/SSA အဖွ့ဲတို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ပိုများလာနေပြီး အချိန်ကြာမြင့်လာရင် ဒုက္ခသည်တွေရဲ့ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာတွေအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်၊

ရှမ်းပြည်နယ်ထဲက ဒုက္ခသည်တွေအကြောင်း မသင်းသီရိက စုစည်းတင်ပြထားပါတယ်၊

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။