အမေရိကန်ရောက် မိသားစုတွေ ရေဘေး ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပ
2015.08.10

ပြည်တွင်းက ရေဘေးဒဏ်သင့်သူတွေကို အကူအညီပေးဖို့အတွက် အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း ဝါရှင်တန်ဒီစီတဝိုက်နဲ့ အနောက်ခြမ်း ဆန်ဖရန်စ္စကိုမြို့တဝိုက်က မြန်မာမိသားစုတွေ ရန်ပုံငွေဈေးရောင်းပွဲတွေ မနေ့က ကျင်းပခဲ့ပါတယ်။
ဆန်ဖရန်စ္စကို ပင်လယ်အော်ဒေသတဝိုက်က မြန်မာမိသားစုဝင်တွေရဲ့ အသက်ဆက်ရောင်ခြည် ဈေးရောင်းပွဲ ကို Newark မြို့က Newark Pavilion ခန်းမမှာ မနက် ၉ နာရီက မွန်းလွဲ ၃ နာရီထိကျင်းပခဲ့ရာမှာ မွန်းတည့်ချိန်မှာပဲ လူ ၃၀၀၀ ဝန်းကျင် လာရောက်ခဲ့ကြတယ်လို့ Milipitas မြို့က သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာ မောင်မောင်သော်က ပြောပါတယ်။
"ဆန်ဖရန်စ္စကို ပင်လယ်အော်ဒေသတဝိုက်မှာရှိတဲ့ မြန်မာပြည်သားတွေ အားလုံးစုပေါင်းပြီးတော့ ရန်ပုံငွေရှာတဲ့ပွဲကိုလုပ်တာပေါ့၊ ၂ဝ၁၅ မှာ အရေးပေါ်လုပ်လိုက်တာပေါ့၊ တော်တော်လေးကို စည်စည်ကားကားဖြစ်ပါတယ်၊ တော်တော်ကို အရောင်းကောင်းတယ်ခင်ဗျ၊ လူ ၃ဝဝဝ လောက်ရှိမယ်"
အရှေ့ဘက်ခြမ်း ဝါရှင်တန်ဒီစီမြို့တော်တဝိုက်က မြန်မာမိသားစုတွေရဲ့ ရန်ပုံငွေဈေးရောင်းပွဲကို Maryland ပြည်နယ် Silverspring မြို့မှာ မွန်းလွဲ ၃ နာရီက ည ၇ နာရီထိကျင်းပခဲ့တယ်လို့ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ Maryland ပြည်နယ်က ဦးယဉ်ထွေးက ပြောပြပါတယ်။
Maryland ပြည်နယ်နဲ့ နယူးယောက်မြို့က စေတနာရှင်လူငယ်တစ်စုကလည်း မခင်နှင်းကြည်သာ ဆောင်ရွက်နေတဲ့ ပရဟိတအဖွဲ့ကတဆင့်လှူဒါန်းဖို့ ကွန်ပျူတာကနေ အလှူငွေကောက်ခံနေပါတယ်။
အင်တာနက်လိပ်စာက www.gofundme.com/Myanmarneedhelp ဖြစ်ပါတယ်။