အမေရိကန်က မြန်မာကို အကျပ်အတည်းဖြစ်အောင် လုပ်နေကြောင်း စစ်ကောင်စီပြော

RFA Burmese
2023.06.21
အမေရိကန်က မြန်မာကို အကျပ်အတည်းဖြစ်အောင် လုပ်နေကြောင်း စစ်ကောင်စီပြော စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)။
MFTB

စစ်ကောင်စီရဲ့ ဘဏ်နှစ်ခုကို အမေရိကန်က ပိတ်ဆို့မယ်ဆိုတာဟာ စီးပွားရေးနဲ့ နိုင်ငံရေး အကျပ်အတည်းဖြစ်အောင် လုပ်နေတာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၂၁ ရက် ဒီနေ့မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေ တစ်ဆင့် ပြောဆိုပါတယ်။

"အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ ကျွန်တော်တို့ကို ဆောင်ရွက်ခြင်းဟာ စီးပွားရေးအရ၊ နိုင်ငံရေးအရ အကျပ်အတည်းဖြစ်အောင် လုပ်ဆောင်နေတာဖြစ်တယ်"

မြန်မာပြည်အခြေစိုက် နိုင်ငံခြားကုမ္ပဏီတွေ၊ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေအတွက် နိုင်ငံတကာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုပေးနေတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ ပုဂ္ဂလိက လုပ်ငန်းတွေအတွက် ပြည်တွင်း ပြည်ပ ဘဏ်ဝန်ဆောင်မှုပေးနေတဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်အစိုးရက ပိတ်ဆို့ဒဏ်ခတ်မယ်လို့ ဇွန် ၂၀ ရက်နေ့က သတင်းထွက်လာခဲ့တာပါ။

ပြည်တွင်းကို နိုင်ငံခြားငွေဝင်ရောက်မှု ကန့်သတ်ဖို့နဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရာမှာ အခက်အခဲဖြစ်အာင် လုပ်ဆောင်တာလို့ စစ်ကောင်စီကစွပ်စွဲပါတယ်။ ဒါပေမဲ့ ဒီအပေါ် စိုးရိမ်စရာ မရှိဘူးလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အမေရိကန်က တကယ်ပိတ်ဆို့ခဲ့ရင်တော့ လုပ်ငန်းလုပ်ကိုင်ဖို့ ကျပ်တည်းလာနိုင်တယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

"တချို့လည်း ဘဏ်တွေနဲ့ တိုက်ရိုက်လွှဲကြတာ ရှိတယ်။ အဲဒါတွေတော့ လွှဲလို့ မရတော့ဘူးပေါ့။ ဟိုအရင်က ဒီဘဏ်တွေကို ပိတ်ဆို့တုန်းက စင်္ကာပူတို့ ဘာတို့ဘက်က တစ်ဆင့်ပတ်ပြီး လုပ်ရတာ။ ဒေါ်လာတွေကတော့ လန့်ပြီး ဝယ်တာတွေရှိရင်တော့ တက်မှာပဲ။ လုပ်ရကိုင်ရတာတော့ နည်းနည်းတော့ ကျပ်တာပေါ့"

ရန်ကုန်မြို့မှာ အမေရိကန်ဒေါ်လာ ရောင်းဝယ်တဲ့ နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ငန်းတချို့ကတော့ ဇွန်လ ၂၁ ရက်နေ့ ဒီနေ့ရဲ့ အမေရိကန်ဒေါ်လာ ပေါက်ဈေးကို ဖြေဖို့ ငြင်းဆိုထားကြသလို သူတို့အနေနဲ့ လတ်တလော ဒေါ်လာရောင်းပေးတာ မရှိဘူးလို့ ပြောပါတယ်။

ပြင်ပဈေးကွက်မှာတော့ ဇွန်လ ၂၀ ရက်နေ့က တစ်ဒေါ်လာ ၂၉၆၀ ကျပ်ဝန်းကျင် ရှိခဲ့ရာကနေ ဇွန်လ ၂၁ ရက်နေ့ ဒီနေ့မှာတော့ အမေရိကန် တစ်ဒေါ်လာကို ၃၀၅၀ ကျပ်အထိ ၉၀ ကျပ် မြင့်တက်လာတာ တွေ့ရပါတယ်။

ဒီအရေးယူပိတ်ဆို့မှုနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရဘက်က တရားဝင် ထုတ်ပြန်လာတာမျိုးတော့ မရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေကို ထိထိရောက်ရောက် ဖြတ်တောက်နိုင်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ နိုင်ငံခြားမှာရှိနေတဲ့ အရန်ငွေ ဘီလီယံပေါင်းများစွာ ပြန်ရနိုင်ဖို့ဆိုပြီး သြစတြေးလျစီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနဲလ် ကြားကာလဗဟိုဘဏ် အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဇွန်လ ၁၃ ရက်နေ့က ခန့်အပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။