မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်ဝန်ကြီး မြန်မာနိုင် ငံရောက်


2017.07.17
us-minister-620.jpg နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး သံအမတ်ကြီး မစ္စတာ ဂျိုးဇက်ဖ်ယွန်း တို့ ဇူလိုင်လ ၁၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံကြစဉ်
Photo: Myanmar State Counsellor Office Facebook

မြန်မာနဲ့ မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှု လုံးဝမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ဒီနေ့ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားကို အရေးယူဖို့ နည်းလမ်းတွေရှာနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ဖ်ယွန်း မြန်မာနိုင်ငံကို ရောက်နေချိန်မှာ ပြောလိုက် တာပါ။

ဂျိုးဇက်ဖ်ယွန်းအနေနဲ့ ဘာအကြောင်းအရာ ပြောဆိုဆွေးနွေးမယ်ဆိုတာ အမေရိကန်အစိုးရဘက်က ကြိုပြောတာ မရှိဘူး၊ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုလည်း မြန်မာအစိုးရ အနေနဲ့ လိုက်နာပြီးသားဖြစ်တယ်လို့ ဦးကျော်ဇေယျ ကပြော ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားနဲ့ မြန်မာဆက်ဆံရေးဟာ သာမန်ဆက်ဆံရေးအဆင့်ပဲရှိပြီး၊ သူ့အနေနဲ့ နားလည် သလောက်ပြောရရင် စစ်တပ်ချင်းဆက်ဆံရေးမရှိဘူးလို့ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ က ရိုက်တာစ်သတင်း ဌာနကို ပြောပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပွဲမှာတော့ မြန်မာ့တပ်မတော်အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက တပ်မတော်အားလုံးနဲ့ ချစ်ကြည်ရင်းနှီးရေးကြိုးစားနေသလို၊ မိမိတို့မှာမိတ်ဆွေနိုင် ငံတွေသာရှိပြီး ရန်သူနိုင်ငံမရှိကြောင်း ပြောဆိုဆွေးနွေးလိုက်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲမှာ ကိုရီးယားကျွန်းဆွယ်အရေး၊ အာရှပစိဖိတ်ဒေသအရေး၊ အမေရိကန်-မြန်မာ စစ်ဘက် ဆက်ဆံရေး ပိုမိုမြှင့်တင်ရေးတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဂျိုးဇက်ဖ်ယွန်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံခဲ့ပြီး၊ မြန်မာ- အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးတွေ ဆွေးနွေးကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။