ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန် လွှတ်တော်မှာ ဆွေးနွေး
2014.03.26

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို တိုင်းရင်းသားလူမျိုးစုတစ်ခုအဖြစ် အသိအမှတ်ပြုဖို့နဲ့ မြန်မာအစိုးရရဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံတဲ့မူဝါဒတွေ ပယ်ဖျက်ရေးအတွက် အမေရိကန်အစိုးရက ဦးစားပေးဆောင်ရွက်ဖို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ မနေ့က ဆွေးနွေးခဲ့ပါတယ်။
၂ဝ၁၃ ခုနှစ် နိုဝင်ဘာလကချမှတ်ခဲ့တဲ့ အမေရိကန်အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အမှတ် ၄၁၈ ကို ဖြည့်စွက်ပြင်ဆင်ပြဌာန်းဖို့ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်မစ္စတာ ရွိုက်စ် (Mr. Royce) က ဆွေးနွေးတင်ပြခဲ့ပါတယ်။
အောက်လွှတ်တော်ရဲ့ လက်ရှိဆုံးဖြတ်ချက်အမှတ် ၄၁၈ မှာပါဝင်တဲ့နှစ်ချက်က ရိုဟင်ဂျာတွေအပေါ် နည်းမျိုးစုံဖိနှိပ်၊ ခွဲခြားဆက်ဆံမှုတွေရပ်ပြီး ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံအတွက် နိုင်ငံတကာက ပြဌာန်းထားတဲ့ လူ့အခွင့်အရေးအတိုင်း မြန်မာအစိုးရက လေးစား လိုက်နာဆောင်ရွက်အောင် အမေရိကန်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုဖို့နဲ့ ရိုဟင်ဂျာတွေ ဖိနှိပ်ခံရမှုအဆုံးသတ်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက လိုအပ်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးပြီး၊ ဘာသာပေါင်းစုံ တိုင်းရင်းသားပေါင်းစုံရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။
အခုထပ်မံဖြည့်စွက်မယ့် အချက် ၂ ချက်ကတော့ ရိုဟင်ဂျာမွတ်စလင်တွေကို တိုင်းရင်းသား လူမျိုးစုတစ်ခုအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသားဖြစ်ခွင့်ကိစ္စတွေအတွက် ရိုဟင်ဂျာတွေနဲ့ ပူးပေါင်းဖြေရှင်းဖို့နဲ့၊ မြန်မာအစိုးရရဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံတဲ့မူဝါဒတွေ ပယ်ဖျက်ရေးအတွက် အမေရိကန်အစိုးရက ဦးစားပေးဆောင် ရွက်အောင် လွတ်တော်အနေနဲ့ တောင်းဆိုဖို့စတဲ့အချက်တွေဖြစ်ပါတယ်။
ဒီဖြည့်စွက်ချက်တွေကို ပြဌာန်းဖို့ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ မစ္စတာ ရွိုက်စ် (Mr. Royce)၊ နယူးယောက်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် မစ္စတာအန်ဂယ်လ် ( Mr. Engel) ၊ အိုဟိုင်းယိုးပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်မစ္စတာ ချားဘော့ထ် (Mr. Chabot) နဲ့ ဟာဝိုင်အီပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မစ္စဂေးဘတ် (Ms. Gabard) တို့ပူးတွဲတင်သွင်းခဲ့တာဖြစ်ပါတယ်။