ကုလသမဂ္ဂ စုံစမ်းရေး အတွက် အမေရိကန် တစ်သောင်းကျော် လက်မှတ်ထိုး တောင်းဆို

မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကုလသမဂ္ဂက ကော်မရှင်ဖွဲ့ပြီး စုံစမ်း စစ်ဆေးနိုင်ရေး အတွက် အမေရိကန် အစိုးရ အနေနဲ့ ဦးဆောင်ဖို့အမေရိကန် နိုင်ငံသား တစ်သောင်းကျော်က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

2011.09.26
ban_ki-moon_asia_trip_305_z.png ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းပုံ
Photo: AFP

အမေရိကန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ USCB က ဦးဆောင်ပြီး လက်မှတ်တွေ စာတွေကို ကောက်ခံခဲ့တာ ဖြစ်ပါတယ်။ စုဆောင်းရရှိတဲ့ စာတွေနဲ့ လက်မှတ်တွေကို အမေရိကန် အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စစ်ရာဇဝတ်မှု ဆိုင်ရာ သံတမန်ဖြစ်သူ မစ္စတာ Stephen Rapp ထံ မနေ့က ပေးပို့ခဲ့တယ်လို့ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့USCB ရဲ့ ဒါရိုက်တာ ဦးအောင်ဒင်က ပြောပါတယ်။

လက်မှတ် ကောက်ခံခဲ့ပုံနဲ့ ပတ်သက်ပြီး နာမည်ကျော် U2 တေးဂီတ အဖွဲ့ အမေရိကန်မြို့ကြီးတွေမှာ လှည့်လည် ဖျော်ဖြေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု စပ်ဆိုတဲ့ တေးသီချင်းတွေကို ဘိုနိုက သီဆိုခဲ့သလို USCB က အဖွဲ့သားတွေကလည်း မြန်မာနိုင်ငံ အကြောင်း ရှင်းပြပြီး လက်မှတ်တွေ ကောက်ခံ စုဆောင်းခဲ့ရာမှာ နှစ်လကျော် အချိန် အတွင်း လက်မှတ်ပေါင်း တစ်သောင်း သုံးထောင်ကျော် ကောက်ခံရရှိခဲ့ကြောင်း ဦးအောင်ဒင်က ပြောပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့နိုင်ဖို့ အတွက် အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ စတဲ့နိုင်ငံပေါင်း ၁၆ နိုင်ငံက ထောက်ခံထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂမှာ ဦးဆောင်ပြီး စည်းရုံးပေးနိုင်တဲ့ နိုင်ငံ မရှိရင် ဒီကိစ္စဟာ မှေးမှိန်သွားနိုင်တာကြောင့် အမေရိကန် အနေနဲ့ဦးဆောင်ပြီး လုပ်ဆောင်ပေးဖို့ထပ်မံ တိုက်တွန်းရတာ ဖြစ်ကြောင်း ဦးအောင်ဒင်က ရှင်းပြပါတယ်။

USCB အဖွဲ့အနေနဲ့ အထွေထွေ ညီလာခံမှာ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းနိုင်ရေး အတွက် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

အခုလာမယ့် သီတင်းပတ်တွေမှာ ကုလသမဂ္ဂရဲ့ အထွေထွေ ညီလာခံ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။