စစ်ကောင်စီအပေါ် ဖိအားပေးမှုတိုးမြှင့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ထုတ်ပြန်

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ဆောင် ခဲ့တဲ့ ငါးနှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ချက်တစ်စောင်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဩဂုတ်လ ၂၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ရိုဟင်ဂျာတွေနဲ့ မြန်မာပြည်သူတွေကို ဆက်လက်ထောက်ခံ အားပေး သွားမှာဖြစ်ပြီး စစ်ကောင်စီအပေါ် စီးပွားရေးနဲ့ သံတမန်ရေးရာ ဖိအားပေးမှုတွေကိုလည်း တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာမှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်လို့ အခုနှစ် မတ်လ တုန်းက အမေရိကန်ပြည်ထောင်စု လူမျိုးတုံး သတ်ဖြတ်မှု အထိမ်းအမှတ်ပြတိုက်မှာ ပြောကြားခဲ့ပြီးဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် (Antony J. Blinken) က ပြောဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ဟာ ပြည်သူ တွေကို ဖိနှိပ်၊ ညှဉ်းပန်း၊ နှိပ်စက်သတ်ဖြတ်နေပြီး စစ်အစိုးရက ဒီမိုကရေစီ တက်ကြွ လှုပ်ရှားသူတွေနဲ့ အတိုက်အခံခေါင်းဆောင်တွေကို ကွပ်မျက်ခဲ့တာကလည်း စစ်ကောင်စီ အနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လျစ်လျူရှုတဲ့ နောက်ဆုံးသာဓက တစ်ခုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးသား ထားပါတယ်။
မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို တရားစီရင်ပိုင်ခွင့်ရှိတဲ့ ကမ္ဘာ တစ်ဝန်းက ယုံကြည်ကိုးစားထိုက်တဲ့ တရားရုံးတွေကို အမေရိကန်က ဆက်လက် ထောက်ခံတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူဆောင်ရွက်မှုတွေကိုလည်း အမေရိကန်က ထောက်ခံတယ် လို့ ပြောပါတယ်။
စစ်ကောင်စီအပေါ် အရေးယူဆောင်ရွက်မှုတွေအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးဖို့ အမေရိကန်အနေနဲ့ ထောက်ခံမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်က မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေး ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ကြီးမားတဲ့ အကြမ်းဖက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်ရေးတစ်ရပ်ကို လုပ်ဆောင်ခဲ့တာပါ။ ဒီအဖြစ်အပျက်ကြောင့် ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော်ဟာ နေရပ်က ထွက်ပြေးကြရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံခွင့်တောင်းခံခဲ့ရပါတယ်။