ABSDF အပေါ် ကန့်သတ်ချက် အမေရိကန်လူဝင်မှုကြီးကြပ်ရေး ဖယ်ရှား
2011.01.12

RFA က မိတ္တူ လက်ခံရရှိထားတဲ့ အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် အခြေစိုက် အမေရိကန်အစိုးရ နိုင်ငံသားစိစစ်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန USCIS ကို ကိုးကားပြီး အမေရိကန် အောက် လွှတ်တော်အမတ်တဦးရုံးက မြန်မာ့အရေး လုပ်ဆောင်နေသူတွေဆီ ပေးပို့တဲ့ အကြောင်းကြား စာမှာ အခုလို အတည်ပြု ရေးသားထားတာ ဖြစ်ပါတယ်။
ABSDF အဖွဲ့နဲ့ ပတ်သက်ပြီး ဆိုင်းငံ့ထားတဲ့ လူဝင်မှုကြီးကြပ်ရေး အမှုတွေကိုလည်း မကြာခင် ပြန်လည် ဆောင်ရွက်ပေးတော့မယ်လို့လည်း ဒီပေးစာမှာ ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရဟာ 9/11 အကြမ်းဖက် တိုက်ခိုက်ခံရမှုနောက်ပိုင်း ကမ္ဘာတဝန်း လက်နက်ကိုင် အဖွဲ့အစည်း တော်တော်များများကို အကြမ်းဖက်အဖွဲ့ စာရင်းထဲ သွင်းပြီး စောင့်ကြည့်ခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာစစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့တချို့လည်း ပါဝင်ခဲ့ပါတယ်။
ဒီအတွက် ကုလသမဂ္ဂနဲ့ အမေရိကန်အစိုးရရဲ့ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်တဲ့ ဒုက္ခသည် ဘဝသစ် ပြန်လည် ထူထောင်ရေး အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ခွင့် ရခဲ့သူတွေထဲက ABSDF ၊ KNU ၊ CNF စတဲ့ အဖွဲ့တွေကို ပံ့ပိုးကူညီခဲ့ဖူးသူတွေကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာန က Green Card လို့ခေါ်တဲ့ အမြဲတမ်း နေထိုင်ခွင့်လက်မှတ် ထုတ်မပေးပဲ ဆိုင်းငံ့ထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ အမေရိကန်အစိုးရဟာ ABSDF ကို အကြမ်းဖက် အဖွဲ့အစည်း စာရင်းထဲကနေ ပယ်ဖျက်ပေးလိုက်ပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး၊ အခု လူဝင်မှု ကြီးကြပ်ရေးဌာနရဲ့ ဆိုင်းငံ့မှုတွေ ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။