သူရဦးရွှေမန်းနဲ့ တရုတ်သမ္မတ တွေ့ဆုံ
2014.04.12

တရုတ်နဲ့ အာဆီယံ အနီးကပ်ပူးပေါင်းဆောင် ရွက်နိုင်အောင် မြန်မာနိုင်ငံနဲ့ လက်တွဲအလုပ် လုပ်သွားမယ်လို့ တရုတ်သမ္မတ ဇီကျင်းပင်က ကတိပြု ပြောကြားလိုက်ပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ယူထား တဲ့ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းမှာရော၊ နိုင်ငံ တကာမှာပါ ကျယ်ပြန့်တဲ့အခန်းကဏ္ဍ ကနေ ဆောင်ရွက်နိုင်အောင် တရုတ်အစိုးရက အားပေးထောက်ခံသွားမှာဖြစ်ကြောင်း တရုတ်သမ္မတ ဇီကျင်းပင်က ဘေဂျင်းမြို့မှာရောက်နေတဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ မနေ့က တွေ့ဆုံရာမှာ အခုလို ပြောကြားခဲ့တာပါ။
တရုတ်နိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေ နယ်ပယ် စုံဖြန့်ကျက်ဆောင်ရွက်နေသလို၊ မြန်မာနိုင်ငံ ဟာလည်း ပြုပြင်ပြောင်းလဲရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးအောင် ဆောင်ရွက်နေတာကြောင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ အတွေ့အကြုံဖလှယ်ရေး တို့ကို နှစ်ဘက်စလုံးက အရှိန်မြှင့်သွားဖို့ လိုအပ်တယ်လို့လည်း တရုတ်သမ္မတက ပြောပါတယ်။ ဒါ့ပြင် တရုတ် ကွန်မြူနစ်ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့အကြား ဆက်ဆံမှုတိုးမြင့်သွားဖို့ ဆန္ဒရှိကြောင်းကိုလည်း တရုတ်သမ္မတက ပြောကြားခဲ့ပါတယ်။
သူရဦးရွှေမန်းကလည်း နိုင်ငံတကာဇာတ်ခုံမှာ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံက ကူညီနေတာတွေကို ကျေးဇူးတင် ရှိကြောင်း၊ တရုတ်နိုင်ငံရဲ့အောင်မြင်မှုဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အခွင့်အလမ်းဖြစ်ကြောင်း၊ မြန်မာ အစိုးရနဲ့ မြန်မာလွှတ်တော်တို့ဟာ တရုတ်အစိုးရ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တန်ဖိုးထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး တိုးတက်မှုအတွေ့အကြုံတွေကို သင်ယူသွားမှာဖြစ်ကြောင်းကိုလည်း သူရ ဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။