ရွေးကောက်ပွဲမှာ အနုပညာရှင်တွေ ပါဝင်ရေး ကော်မရှင်ဆွေးနွေး
2014.12.16

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ အနုပညာရှင်တွေကို ရန်ကုန်မြို့မီကာဆာဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံပြီး ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် မဲပေးခွင့် ရှိသူစာရင်းတွေကို အရပ်ဘက်အဖဲ့ွအစည်းတွေနဲ့ ပူးပေါင်းကောက်ယူနိုင်ဖို့နဲ့ အသိပညာပေး လုပ်ငန်းတွေမှာ အနုပညာရှင်တွေ ပါဝင်လုပ်ဆောင် ဖို့ ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောပါတယ်။
"အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတယ်ဆို တာ အခြေခံမဲဆန္ဒရှင်စာရင်း တစ်ပြည်လုံးအတိုင်း အတာနဲ့ ဆောင်ရွက်နေတာရှိပါတယ်၊ အဲ့ဒါမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အကူအညီကို ရယူပြီးတော့ မှန်ကန်တိကျတဲ့ မဲစာရင်းထွက်ရှိဖို့ အတွက် ကျနော်တို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်၊ နောက်တစ်ခုက အနုပညာရှင်နဲ့ ပတ်သက်လို့ မဲဆန္ဒရှင်တွေ ပညာပေးလုပ်ငန်းစဉ်တွေမှာ အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ကော်မရှင် နဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စုပေါင်းပြီးတော့ အသိပညာပေးတဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ကျနော်တို့ တွေ့ဆုံတာဖြစ်ပါတယ်"
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အနုပညာရှင်တွေကို ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပြီး အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတာကတော့ လေးကြိမ်ရှိပါပြီ။ ရွေးကောက်ပွဲ အသိပညာပေးသီချင်းတွေ၊ ဇာတ်လမ်းတွေ ရိုက်ကူးထုတ်လွှင့်နိုင်ရေးအတွက် လာမယ့်ဇန်နဝါရီလမှာ ရွေးကောက်ပွဲကော်မရှင်နဲ့ အနုပညာရှင်တွေ ထပ်မံတွေ့ဆုံဆွေးနွေးမယ်လို့လည်း သိရပါတယ်။
အနုပညာရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ရွေးကောက်ပွဲ ကျင်းပရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေတာတွေကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။