အမျိုးသမီးတွေ ရွေးကောက်ပွဲမှာ ပိုမိုပါဝင်နိုင်ရေး ကော်မရှင်ဥက္ကဌ တိုက်တွန်း


2014.12.15
utinaye-party-305.jpg ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ကော်မရှင် ဥက္ကဌ ဦးတင်အေးကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

နိုင်ငံရေးမှာ အမျိုးသမီးထု ပိုပါဝင်လာဖို့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက် ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့အခါ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကိုလည်း ကိုယ်စား လှယ်လောင်းအဖြစ် ထည့်သွင်းစဉ်းစားကြ ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဒီကနေ့ကျင်းပ တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီများအကြား ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှု အစည်းအဝေးမှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ပြောခဲ့တာပါ။

"ကိန်းဂဏန်း အချက်အလက်တွေကို ပြန်ကြည့်မယ် ဆိုရင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စတဲ့ ကဏ္ဍပေါင်းစုံမှာ အမျိုးသမီးများပါဝင်မှု ရာခိုင်နှုန်းဟာ အင်မတန်နည်းပါးနေတာကို တွေ့ရပါတယ်၊ ဒီကဏ္ဍတွေမှာ အမျိုးသမီးပါဝင်မှု တိုးမြှင့်လာဖို့အတွက်ဆိုရင် နိုင်ငံရေးကိုယ်စားလှယ်များအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းတဲ့အခါမှာ အမျိုးသမီးဦးရေကို အခုထက်ပိုမိုရွေးချယ်ပြီး တင်သွင်းကြရ မှာဖြစ်ပါတယ်၊ ဒါမှသာရွေးကောက်ခံရမယ့်အပိုင်းမှာလည်း အမျိုးသမီးပါဝင်မှုဦးရေ တိုးတက်လာမှာဖြစ်ပါတယ်၊  ဒါကြောင့် နိုင်ငံရေးပါတီမျာအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရာမှာ အရည်အချင်းရှိတဲ့ အမျိုးသမီး များကိုလည်း ထည့်သွင်းစဉ်းစား ရွေးချယ်ခံခွင့်ပြုဖို့လိုကြောင်း ပြောကြားလိုပါတယ်"

ပါတီအတော်များများက ၂၀၁၅ ရွေးကောက်ပွဲစည်းရုံးရေးကာလကို ၂ လသာ သတ်မှတ်ပေးထားတဲ့အတွက် အချိန်ကာလနည်းတယ်ဆိုပြီး ပြီးခဲ့တဲ့ ညှိနှိုင်းအစည်းအဝေးတွေအပြီးမှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေးကာလအဖြစ် ရက်ပေါင်း ၆၀ သတ်မှတ်တယ်ဆိုတာဟာ "ရေတို" ရွေးကောက်ပွဲ မတိုင်ခင်ကာလအတွက်သာ ရည်ရွယ်သတ်မှတ်ပေးထားတာဖြစ်ကြောင်းနဲ့ တကယ့်ပါတီတွေအတွက် စည်းရုံးရေးကာလဆိုတာဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲပြီးကတည်းက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် လူထုထဲစည်းရုံးရေးဆင်းဖို့အတွက် ပြင်ဆင်ကြဖို့ ရေရှည်ကာလစည်းရုံးရေးအချိန်အဖြစ် ခွင့်ပြုထားတာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

ဒါ့အပြင် ပါတီတွေအနေနဲ့ နိုင်ငံရေးပါတီများ ကျင့်ဝတ်ဆိုတာကို ပူးပေါင်းရေးဆွဲကြဖို့ အသိပေးခဲ့ပေမဲ့ ပါတီတွေဘက်က ပူးပေါင်းရေးဆွဲကြဖို့ ပျက်ကွက်နေကြောင်း၊ ဒါကြောင့် ပါတီကျင့်ဝတ်ကို ပူးပေါင်းရေးဆွဲကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။