UWSA မှာ တရုတ်လုပ် ခေတ်မီ ဒုံးကျည်တွေ ရှိနေကြောင်း စစ်ရေးမဂ္ဂဇင်း ဖော်ပြ
2014.11.20

UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် မှာ တရုတ်နိုင်ငံလုပ် အနီအောက်ရောင်ခြည်သုံး FN-6 ပခုံးထမ်းလေယာဉ်ပစ်ဒုံးကျည်တွေ ပိုင်ဆိုင်နေပြီလို့ ဂျိမ်းစ် စစ်ရေးမဂ္ဂဇင်းက ဖော်ပြပါတယ်။ တတိယ မျိုးဆက်နည်းပညာနဲ့ထုတ်လုပ်ထား တဲ့ လေကြောင်း ရန်ကာကွယ်ရေး FN-6 ဒုံးကျည်တွေကို UWSA တပ်မှာ မြင်တွေ့ခဲ့ရသူတစ်ဦးရဲ့ပြောဆိုချက်ကို ကိုးကားရေးသားထားတာဖြစ်ပါတယ်။
အဲ့ဒီဒုံးကျည်ဟာ အမြင့်မီတာ ၃၅၀၀ အထိ ပစ်ခတ် နိုင်ပြီး၊ ပစ်လွှတ်လိုက်တဲ့အခါမှာ နေရောင်ခြည် သက်ရောက် မှု၊ လောင်ကျွမ်းမှု နဲ့ လေထုတွင်းပွတ် တိုက်အားအပူတွေကို ခံနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။
ပုံမှန်တပ်အင်အား ၂ သောင်းလောက်ရှိမယ် လို့ခန့်မှန်းရတဲ့ UWSA အဖွဲ့က ဒီလက်နက်ကို ဘယ်ကာလလောက်ကတည်းက ရရှိနေခဲ့တာလဲဆိုတာ မသိရပေမဲ့၊ အဲ့ဒီအဖွဲ့မှာ အပေါ့စားလက်နက်ငယ်တွေ အမြောက်အများနဲ့ လက်နက်ကြီးတွေလည်းရှိနေသလို၊ တရုတ်နိုင်ငံလုပ် သံချပ်ကာယာဉ်တွေ၊ ရဟတ်ယာဉ် အသေးစားတွေလည်း ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။FN-6 လေယဉ်ပစ်ဒုံးတွေကို ဆီးရီးယားသူပုန်တွေက ၂၀၁၃ အစောပိုင်းလောက်မှာအသုံးပြုခဲ့တယ် လို့သိရပါတယ်။