ရှမ်းမြောက်မှာ SSPP က တပ်သားသစ် စုဆောင်းနေတယ်လို့ ဒေသခံတွေပြော
2020.12.16
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်က မိုင်းပတ်ကျေးရွာအုပ်စု အပါအဝင် ကျေးရွာအုပ်စုသုံးခုမှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA က တပ်သားသစ်တောင်းခံနေလို့ ဒေသခံတွေ စိုးရိမ်မှုတွေ ဖြစ်နေပါတယ်။
ဒီဇင်ဘာလ ၉ ရက်နေ့မှာ SSPP တပ်ဖွဲ့ မိုင်းပတ်ကျေးရွာအုပ်စု၊ ဟိုမတ်အုပ်စု၊ ကုန်းမွန် အုပ်စုစတဲ့ ကျေးရွာ အုပ်စုသုံးခုကနေ လူဦးရေ တစ်ရာကျော် တောင်းခံထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုင်းပတ် ရွာခံ တစ်ဦးက RFAကို ပြောပါတယ်။
တောင်းခံရတဲ့အထဲမှာ မီးသတ်နဲ့ကြက်ခြေနီ ဝန်ထမ်းအချို့ ပါဝင်တယ်လို့ဆိုပါတယ်။
တပ်သားသစ်တောင်းခံမှုကြောင့် ဒေသခံအချို့ ကျေးရွာမှာ မနေရဲကြတော့လို့ တန့်ယန်းမြို့နယ်ကို တိမ်းရှောင်ကြရတာလဲရှိတယ်လို့ တိမ်းရှောင်နေတဲ့ ဒေသခံအချို့ ကပြောပါတယ်။
အိမ်တစ်အိမ်မှာ ယောကျာ်းလေးနှစ်ယောက်ရှိရင် တစ်ယောက် တာဝန်ထမ်းဆောင်ရမယ်ဆိုတာကြောင့် အသက် ၁၈ နှစ်မပြည့်သူတွေပါ တပ်သားစုဆောင်းမှုထဲကို ပါဝင်သွားမယ့် အခြေအနေမျိုးတွေ ကြုံနေရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာအုပ်စု သုံးခုမှာ လူဦးရေ ၁၂၀ တောင်းခံထားရာမှာ မိုင်းပတ်အုပ်စုမှာတော့ မောင်ဖြစ်သူအစား အစ်မဖြစ်သူတွေက တာဝန်ထမ်းဆောင်မယ်ဆိုပြီး သွားရောက်တဲ့သူ နှစ်ဦးပဲရှိသေးပြီး ကျန်တဲ့သူတွေကိုတော့ သွားရောက်တာ မရှိသေးဘူးလို့ RFA က စုံစမ်းသိရှိရပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းသန်းအောင် ကတော့ သူတို့တပ်ဖွဲ့ က လူသစ်တောင်းတာမျိုးမဟုတ်ဘဲ ကျေးရွာအတွင်းမှာ မူးယစ်ဆေးသုံးစွဲနေသူတွေကို လာရောက်ထိန်းသိမ်း ပေးဖို့ ဒေသခံကပြောလို့ သွားရောက်ခေါ်ဆောင်တာသာဖြစ်တယ်လို့ ပြောပါတယ်။
မီးသတ်တပ်ဖွဲ့တွေ ကြက်ခြေနီတပ်ဖွဲ့တွေကို ခေါ်ဆောင်တယ်ဆိုတာလည်း မဟုတ်ဘူးလို့ သူက ငြင်းဆိုပါတယ်။
SSPP/SSA ရဲ့ သတ်မှတ်ချက်အရတော့ အမျိုးသားရေးတာဝန်အတွက် အိမ်တစ်အိမ်မှာ ယောကျာ်လေး နှစ်ယောက်ရှိရင် တစ်ယောက် စစ်မှုထမ်းဖို့သတ်မှတ်ချက်ရှိတယ်လို့ ပြောပါတယ်။ မိုင်းပတ်ကျေးရွာဟာ တန့်ယန်း၊ လားရှိုးလမ်းပိုင်းမှာ ရှိတာဖြစ်ပြီး တန့်ယန်းမြို့နဲ့ ပိုနီးပါတယ်။
စပါးကို အဓိကစိုက်ကြတာဖြစ်ပြီး တန့်ယန်းဒေသရဲ့ စပါးအများဆုံးထွက်တဲ့ဒေသလည်းဖြစ်ပါတယ်။
တန့်ယန်းမြို့နယ်အတွင်းမှာ SSPP/SSA တပ်ဖွဲ့တွေ အဓိကလှုပ်ရှားတာဖြစ်ပြီး ပြည်သူ့စစ်တပ်ဖွဲ့ တွေလည်းရှိပါတယ်။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့တွေလည်း ၂၀၁၉ နောက်ပိုင်း တန့်ယန်း နယ်အတွင်း ပိုလှုပ်ရှားလာသလို တန့်ယန်း၊ လားရှိုးအစပ်ကျေးရွာတွေမှာဆိုရင် ကိုးကန့်တပ်ဖွဲ့တွေလည်း လှုပ်ရှားလေ့ရှိပါတယ်။
မိုင်းပတ်၊ မန်ကပ်ကျေးရွာနဲ့ တန့်ယန်းမြို့နယ်အတွင်းမှာ တပ်မတော်တပ်ရင်း တပ်ဖွဲ့တွေရှိပါတယ်။
နှစ်စဉ်လက်နက်ကိုင်အဖွဲ့တွေက လူသစ်စုတာတွေကြောင့် ဒေသအတွင်းလူငယ်တွေဟာ ၀ ဒေသ ပန်ဆန်း၊ မိုင်းလားနဲ့ တရုတ်နယ်စပ် ရွှေလီ၊ လောက်ကိုင်ဒေသတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြရတယ်လို့ ဒေသခံကပြောပါတယ်။
လက်ရှိမှာ SSPP/SSA တပ်ဖွဲ့က လူသစ်တောင်းခံထားပြီး လူသစ်မပေးလိုတာကြောင့် တိမ်းရှောင်နေကြတဲ့ မိသားစုတွေအနေနဲ့ နေရပ်ကျေးရွာကို ပြန်ပြီးအလုပ်လုပ်ဖို့ စိုးရိမ်နေကြရတယ်လို့ နေရပ်စွန့်ခွာတိမ်းရှောင် နေရတဲ့ မိသားစုဝင်တချို့က RFA ကို ပြော ပါတယ်။