နေပြည်တော်က တပ်မဲရုံအားလုံး တပ်ပြင်ထုတ်ပြီး မဲပေးရမယ်လို့ ရွေးကောက်ပွဲကော်မရှင်ပြော
2020.08.04

လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ တပ်တွင်းမဲရုံအားလုံးကို တပ်ပြင်ထုတ်ပြီး မဲပေးရမယ်လို့ “နေပြည်တော်ကောင်စီနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ” အဖွဲ့ဝင် ဦးမိုးဇော်က ပြောလိုက်ပါတယ်။
နေပြည်တော်မှာ တပ်တွင်းမဲရုံ တရုံမှ မထားတော့ဘဲ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ သီးသန့်မဲပေးနိုင်မယ့် တပ်ပြင်ပမဲရုံ ၃၃ ရုံ လျာထားတယ်လို့ ဦးမိုးဇော်က ပြောပါတယ်။
ဒါ့အပြင် တပ်မတော်သားတွေနဲ့ ရပ်ကွက်နေပြည်သူတွေ အတူစုပေါင်းပြီး မဲပေးနိုင်မယ့်မဲရုံ ၁၀ ရုံ ထပ်မံလျာထားတယ်လို့လည်း ဦးမိုးဇော်က ရှင်းပြပါတယ်။
နေပြည်တော်ကောင်စီနယ်မြေမှာ တပ်မတော်သားတွေနဲ့ တပ်မိသားစုတွေအပါအဝင် စုစုပေါင်း မဲပေးခွင့်ရှိသူ ရှစ်သိန်းကျော်ရှိနေပြီး အဲဒီ ရှစ်သိန်းကျော်အတွက် မဲရုံပေါင်း ၆၃၃ ရုံ လျာထားကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ စာရင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက နေပြည်တော်ကောင်စီနယ်မြေကနေ မဲပေးပိုင်ခွင့်ရှိသူ ခုနှစ်သိန်းကျော်သာရှိခဲ့ပြီး၊ ၂၀၂၀ ရွေးကောက်ပွဲမှာ တသိန်းကျော် တိုးလာတာဖြစ်ပါတယ်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း ဆိုပြီး မြို့နယ် ရှစ်ခု ပါဝင်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၀-ရွေးကောက်ပွဲမှာ၊ ပွင့်လင်းမြင်သာမှုရှိစေဖို့နဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ လွတ်လပ်စွာသွားလာနိုင်စေဖို့အတွက်၊ နေပြည်တော်အပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ တပ်မဲရုံ စုစုပေါင်း ၆၃၂ ရုံကို၊ တပ်ပြင်ပမှာထားရှိပြီး မဲပေးရမယ်လို့ ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။
တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့၊ လုံခြုံရေးကြောင့် တပ်မဲရုံတချို့ကို တပ်တွင်းမှာပဲ ထားရှိမှာဖြစ်ကြောင်း၊ ဒါပေမဲ့ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေ နည်းဥပဒေတွေကို လိုက်နာသွားမယ့်အကြောင်း ဇူလိုင်လ ၂၅ ရက်နေ့က နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။