မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ထောင်အနှစ် ၂၀ ချ၊ စုစုပေါင်း ၅၄ နှစ်ရှိလာ

RFA Burmese
2023.05.19
မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ထောင်အနှစ် ၂၀ ချ၊ စုစုပေါင်း ၅၄ နှစ်ရှိလာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ကိုဝေမိုးနိုင်အား တွေ့ရစဉ်။
HANDOUT / ANONYMOUS / AFP

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မေလ ၁၉ ရက်နေ့မှာ မုံရွာထောင်တွင်းတရားရုံး ကနေ ထောင်အနှစ် ၂၀ ထပ်မံချမှတ်လိုက်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီက RFA ကို ပြောပါတယ်။

ကိုဝေမိုးနိုင်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၂၂ နဲ့ စစ်ကောင်စီက စွပ်စွဲ အမိန့်ချလိုက်တာဖြစ်ပြီး ဒါဟာ ပုဒ်မ - ၁၂၂ မှာ ချမှတ်နိုင်တဲ့ အမြင့်ဆုံးပြစ်ဒဏ်လည်း ဖြစ်ပါတယ်။

စစ်ကောင်စီက အသက် ၂၈ နှစ်အရွယ် သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ပုဒ်မများစွာနဲ့ စွပ်စွဲထားပြီး အခု ချမှတ်လိုက်တဲ့ ထောင်ဒဏ်နှစ် ၂၀ အပါအဝင် ချမှတ်ထားတဲ့ ထောင်ဒဏ်စုစုပေါင်း ၅၄ နှစ်အထိ ရှိလာပါပြီ။

ကိုဝေမိုးနိုင်ကို ပုဒ်မ - ၅၀၅ - က ‌ခြောက်မှုနဲ့ ထောင် ၁၂ နှစ်၊ သဘာဝဘေးပုဒ်မ - ၂၅ နဲ့ ထောင် ၂ နှစ်၊ ဓားပြမှု ပုဒ်မ - ၃၉၅၊ လူစုလူဝေးမှာ ပါဝင်ပြီး သေစေနိုင်လောက်တဲ့ လက်နက်ကိုင်စွဲမှု ပုဒ်မ - ၃၉၇ တို့နဲ့ ထောင် နှစ် ၂၀၊ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ - ၁၂၂ နဲ့ ထောင် နှစ် ၂၀ ထပ်ချပြီး စုစုပေါင်း ၅၄ နှစ် ချမှတ်ထားတာပါ။

ကိုဝေမိုးနိုင်ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်နေပြီး ထောင်ဝင်စာပို့ခွင့် လည်း ရှိနေတယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ကိုဝေမိုးနိုင်ကို စက်မှုဇုန်တစ်ခုမှာ ရဲနှစ်ဦးကို သတ်ဖြတ်မှု ပုဒ်မ - ၃၀၂ နဲ့လည်း စွပ်စွဲထားပြီး ဒီအမှုအတွက် ဆက်လက်အမိန့်ချဖို့လည်း ရှိနေပါတယ်။

ဒီလို နိုင်ငံရေးအကျဉ်းသားတွေကို မတရားစွပ်စွဲ အမိန့်ချနေတဲ့အပေါ် ရှုတ်ချတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဆိုပါတယ်။

မုံရွာမြို့က အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေကို တက်ကြွစွာ ဦးဆောင်ခဲ့တဲ့ ကိုဝေမိုးနိုင်ကို ၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က ဆိုင်ကယ်နဲ့ စီတန်းလှည့်လည် နေချိန်မှာပဲ စစ်ကောင်စီက ကားနဲ့တိုက်ပြီး ရိုက်နှက်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။