ငါးဖမ်းပိုက်စက်ရုံက မြန်မာအလုပ်သမားတွေ အလုပ်အကိုင်သစ်ရရှိ

ထိုင်းနိုင်ငံမြောက်ပိုင်း Khon Kaen မြို့က Dechapanich ငါးဖမ်းပိုက်ကွန် စက်ရုံမှာ အလုပ်ရှင်နဲ့ တင်းမာမှုဖြစ်ပြီး ထွက်ခွာလာခဲ့ကြတဲ့ ရာနဲ့ချီတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ငါးပုစွန် စက်ရုံမှာ အလုပ်အကိုင်သစ် ရသွားကြပြီလို့ သိရပါတယ်။

2010.10.17
migrant_workers_A_305_z ထိုင်းနိုင်ငံ ဆိပ်ကမ်းတခုတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ကို ရောက်ရှိနေတဲ့ မြန်မာအလုပ်သမား ၃ ရာကျော်အတွက် အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတွေက အလုပ်ရှင်နဲ့ ဒီကနေ့ ဆွေးနွေးခဲ့ကြတဲ့အကြောင်း၊ ဒီအလုပ်သမားတွေကို အလုပ်ခန့်ဖို့ အလုပ်ရှင်က သဘောတူ လက်ခံလိုက်ပြီဖြစ်ကြောင်း အလုပ်သမား ကိုယ်စားလှယ်တဦးဖြစ်တဲ့ ကိုထွန်းထွန်းလွင်က RFA ကို ပြောပါတယ်။

“ကျနော်တို့ကို MAP ဖောင်ဒေးရှင်းကနေ အစစ အရာရာ လိုက်ကူညီပြီးတော့ မြဝတီဘက်ကလာတဲ့ တံတားကြီးအဆင်းက နယ်ခြားစောင့်တပ်ထဲမှာ နေရာပေးထားပါတယ်။ စားဖို့သောက်ဖို့လည်း MAP ဖောင်ဒေးရှင်းကပဲ တာဝန်ယူထားပါတယ်။ မနေ့က စပြီး ဆွေးနွေးတာပါ။ အလုပ်ရှင် သုံးလေးဦး လာပါတယ်။ ပြီးခဲ့တဲ့ နာရီဝက်လောက်ကပဲ ကျနော်တို့ သူဌေးတဦးနဲ့ အပြီးသတ် ဆွေးနွေး သဘောတူလိုက်ပါပြီ။ ပုစွန်တု့ိ ကင်းမွန်တို့ အိတ်စပို့ ပိုတဲ့စက်ရုံလို့ ပြောတယ် အဲဒီမှာ ကျနော်တို့ လူ ၃ ရာလောက် လုပ်ဖို့ သဘောတူလိုက်ပါပြီ။ စာချုပ်ကတော့ မနက်ဖြန်မှ ချုပ်ပါမယ်၊ ကျနော်တို့ဘက်က တောင်းဆိုတဲ့ အချက်တွေပေါ့”

အလားတူ ဒီကနေ့မှာပဲ ဒီ ငါးဖမ်းစက်ရုံကနေ ထိုင်းတောင်ပိုင်း ဆမုဆခွန်အရပ်ကို ရောက်လာခဲ့တဲ့ မြန်မာ အလုပ်သမား ၇၀ ကျော်ဟာ လက်အိတ်စက်ရုံမှာ အလုပ်လုပ်ဖို့ အလုပ်ရှင်က လာခေါ်တဲ့ အတွက် လိုက်သွားခဲ့ပေမယ့် စက်ရုံကိုရောက်မှ အဆင်မပြေ ဖြစ်တဲ့အတွက် အလုပ်သမားတချို့ မဲဆောက်ကို လာနေကြပြီလို့ အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုအောင်သက်နိုင် ကပြောပါတယ်။

“ပထမ သူဌေးက လာခေါ်တော့ မိန်းကလေးက ၂၀၅ ဘတ်၊ ယောကျ်ားလေးက ၃၀၅ ဘတ်၊ တကယ်လို့ အလုပ်မရှိဘူးဆိုရင် အိုတီ တနာရီပေးမယ် ဆိုပြီး ခေါ်လာတယ်။ ဟိုမှာ ရေမီးအစုံအလင် တိုက်ခန်းနဲ့နေရမယ်ဆိုပြီး ဒီရောက်တော့ အကုန်လုံး လွဲချော်မှုတွေ ဖြစ်တဲ့အတွက် မလုပ်နိုင်ဘူးဆိုပြီး ကျနော်တို့သွားတဲ့ လူအားလုံး ၇၁ ယောက် အကုန်လုံး မဲဆောက်ကို ပြန်သွားကြမယ်ဆိုပြီး ပြောတယ်။ တချို့တဝက်ကတော့ ပြန်မလိုက်တော့ဘူး ဒီမှာပဲ လုပ်တော့မယ်ဆိုပြီး နေခဲ့တယ်။ ကျနော်နဲ့ အယောက် ၅၀ ပြန်ပါလာတယ်။ ၂၁ ယောက်ကတော့ နေခဲ့တယ်”

ငါးဖမ်းပိုက်ကွန် စက်ရုံကနေ ထွက်လာတဲ့ အလုပ်သမား စုစုပေါင်း ၇ ရာနီးပါး ရှိပြီး သုံးရာကျော်က နယ်စပ်ကိုပြန်မှာ ဖြစ်ကြောင်းနဲ့ ကျန်သူတွေကတော့ မိမိနှစ်သက်တဲ့ နေရာတွေမှာ အလုပ်သစ်ရှာ ကြမှာဖြစ်ကြောင်း အလုပ်သမားတွေကို ကူညီပေးနေတဲ့ အဖွဲ့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။